တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု သက်သေအဖြစ် တိုင်းလွှတ်တော်ဥက္ကဋ္ဌကို စစ်ဆေးမည်
DVB
·
October 2, 2019
တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်ရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေအဖြစ် တိုင်းလွှတ်တော်ဥက္ကဋ္ဌကို အောက်တိုဘာ ၇ ရက်နေ့ ၃၃ ကြိမ်မြောက် ရုံးချိန်းမှာ စစ်ဆေးမယ်လို့ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံးက သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နဲ့အတူ Global Grand Services – GGS ကုမ္ပဏီက တာဝန်ရှိသူ ၃ ဦးဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့ ရုံးချိန်းမှာတော့ Sunny ဆောက်လုပ်ရေး ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာကို စစ်ဆေးခဲ့ပြီး တရားလိုဘက်က သက်သေခံစာရွက်စာတမ်း ၁၇စောင် တင်သွင်းခဲ့ပါတယ်။
ခွင့်ပြုငွေ ကျပ်သိန်း၄၀၀ဝ နဲ့ ထားဝယ်လေယာဉ်ကွင်းအတွင်း ခြုံနွယ်ရှင်းလင်းဖို့ လုပ်ငန်းကို တင်ဒါစနစ်နဲ့ ဆောင်ရွက်တာမဟုတ်ဘူးလို့လည် Sunny ဆောက်လုပ်ရေး ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထားပြီး တရားလို ပြသက်သေ ၉၉ ဦးထဲက ၅၉ ဦးကိုတော့ စစ်ဆေးခဲ့ပြီဖြစ်ပါတယ်။
သတင်း - တင့်လွင်