ကြောက်ရွံ့ကင်းကျား မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

1K
ကြောက်ရွံ့ကင်းကျားလို့ အမည်ပေးထားတဲ့ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို အောက်တိုဘာ ၄ ရက်မှာ မန္တလေးမြို့မှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် WLC နဲ့ GTG တို့ ပူးပေါင်းစီစဉ်တာ ဖြစ်ပြီး စုစုပေါင်း တွဲဆိုင်း ၁၃ ပွဲ ပါဝင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။
အမှတ်ပေးစနစ်နဲ့ ထိုးသတ်မယ့် တွဲဆိုင်း ၈ ပွဲနဲ့ ၅ ချီအတွင်းမှာ အနိုင် အရှုံးမပေါ်ရင် ပူးတွဲသရေ သတ်မှတ်မယ့် တွဲဆိုင်း ၅ ပွဲလည်း ပါဝင်ပါတယ်။
အမှတ်ပေးစနစ်နဲ့ ထိုးသတ်မယ့် တွဲဆိုင်းတွေမှာ အဓိကပွဲစဉ်အဖြစ် ဂျာမနီနိုင်ငံက ဘရုလက်ခ်နဲ့ သွေးသစ်ဝင်းလှိုင်၊ မိုက်ရိုင်းနဲ့ ဗီယက်နမ်က ငုရင်ထန်းထရန်းတို့ တွဲဆိုင်းတွေလည်း ပါဝင် ထိုးသတ်မှာ ဖြစ်ပါတယ်။
တခြားတွဲဆိုင်းတွေမှာတော့ ဖျံသွေးနဲ့ ရာမာဉ်၊ သပြေညိုနဲ့ ရန်နိုင်ထွန်း၊ ရဲသွေးနီနဲ့ စောမင်းမင်း စတဲ့ ပြည်တွင်း တွဲဆိုင်းတွေလည်း ပါဝင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။
အမျိုးသမီး ၅ ချီ အမှတ်ပေးပြိုင်ပွဲအဖြစ် မြန်မာစပါးအုံးမလို့ နာမည်ပြောင်ပေးထားတဲ့ ဗြိတိန်နိုင်ငံသူ နီကိုလာလာ့ခ်နဲ့ ဟန်ဂေရီနိုင်ငံသူ ဘီယန်ကာတို့ တွဲဆိုင်းလည်း ပါဝင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။