ကျိုက်ထီးရိုးစေတီတောင်ပေါ် ဘုန်းကြီးကျောင်းက ဆေးခြောက်များဖမ်းမိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်အနီးရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးတပါးထံကနေ ဆေးခြောက် ၄၀ ကျပ်သားလောက်  ဖမ်းဆီးရမိခဲ့​တယ်လို့ ရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့ရုံးက သိရပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ရင်ပြင်တာဝန်ရှိသူတွေက အောက်တိုဘာ ၁ရက်မနက် ၁၁ နာရီခွဲက မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေခွင့်ဝရမ်းနဲ့ စေတီတော်ရင်ပြင်တော်အနီးရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း သီးသန့်ဆောင်မှာ သီတင်းသုံးနေထိုင်တဲ့ ဦးပညာဝံသရဲ့ အခန်းကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကျိုက်ထီးရိုးရင်ပြင်တော် အုပ်ချုပ်ရေးရုံးအဖွဲ့ဝင် ရာအိမ်မှူး ဦးကျော်မင်းဦးက "ကျနော်တို့ အဖွဲ့စုံ ဘုန်းကြီးကျောင်းရောက်တဲ့အချိန်မှာ အဲ့ဒီဘုန်းကြီးက အခန်းအပြင်ဘက်မှာ လျှပ်စစ်မီး ပြင်နေတယ်။ အခန်းထဲမှာက အမျိုးသမီးတစ်ဦးရှိနေပါတယ်။ အဲ့ဒီအမျိုးသမီးကိုမေးနေတုန်း ဘုန်းကြီးကရှောင်ပြေးသွားတာပါ"လို့ ဒီဗွီဘီကိုပြောပါတယ်။ တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေရာ အခန်းတွင်း ကွက်ပျစ်အောက်က အာလူးကြော် ဗူးအတွင်း ဆေးခြောက်လို့ယူဆရတဲ့ အရိုး/အရွက်အခြောက်ရောရာ ၈၁.၆၅ ဂရမ်၊ ၅ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ် ၄၀၈၂၅ ကျပ်ခန့်အား တွေ့ရှိခဲ့ရပြီး ဆက်လက်ရှာဖွေရာ အိပ်ယာခေါင်းရင်းဘက်မှာ တင်ထားတဲ့ ရေခဲဖော့ဖာအတွင်းက အလေးချိန် ၅၇၁.၅၅ ဂရမ်၊ ၃၅ ကျပ်သားခန့်၊ တန်ဖိုး ၂၈၅၇၇၅ ကျပ်ခန့်၊ စုစုပေါင်း ဆေးခြောက် ၄၀ ကျပ်သားခန့်၊ တန်ဖိုးကျပ် ၃၂၆၆၀၀ ကျပ်ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဦးပညာဝံသကို ဖမ်းဆီးရမိဖို့ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာမှာ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ ကျိုက်ထီးရိုးစေတီ၊ ရသေ့တောင်စခန်းမှာ လူဝတ်စုံနဲ့ ဖမ်းဆီးရမိခဲ့တယ်လို ရာအိမ်မှူး ဦးကျော်မင်းဦးက ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ဦးပညာဝံသနဲ့ မနော်ဇာခိုင်တို့ နှစ်ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ မယ (ပ)၁ /၂၀၁၉၊ မူး/စိတ်ပြောင်းပုဒ်မ ၁၉ (က)/၂၁ နဲ့ ကင်မွန်းချောင်း နယ်မြေ ရဲစခန်းမှာ အရေးယူထားပါတယ်။ သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - ကျိုက်ထီးရိုးရင်ပြင်တော် အုပ်ချုပ်ရေးအဖွဲ့ရုံး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up