Home
မြန်မာသတင်း
ကရင်နီအမျိုးသမီးများ၏ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒအကြံပြုချက် ထုတ်ပြန်
နော်နိုရင်း
·
October 2, 2019
ကရင်နီပြည်အမျိုးသမီးတွေရဲ့ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ အကြံပြုချက်တွေ ပါဝင်တဲ့ စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ လွိုင်ကော်မြို့ ရွှေဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ကရင်နီအမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းတွေတင်မကဘဲ ကရင်နီပြည်မှာရှိတဲ့ အမျိုးသမီး အားလုံးကနေ အကြံပြုထားတဲ့ မူဝါဒအကြံပြုချက်ဖြစ်တယ်လို့  အမျိုးသမီးများ အတွက် အမျိုးသမီးများဖောင်ဒေးရှင်း (WWF)ရဲ့ ဒါရိုက်တာ မိုရိုစီကျော်က ပြောပါတယ်။ “ကျမတို့ အမျိုးသမီးတွေ အဓိက လိုအပ်နေတဲ့ လိုအပ်ချက်တွေက ဘာတွေလဲ၊ ဘယ်လိုမူဝါဒ တွေကို ချမှတ်ခိုင်းစေချင်လဲဆိုတဲ့ဟာကို အားလုံးသိအောင် ကျမတို့ မိတ်ဆက်ရခြင်းဖြစ်တယ်။ ပြီးရင်ကျမတို့ကရင်နီပြည်ကို လာပြီးတော့မှ စီမံကိန်းသော်လည်ကောင်း၊ တစုံတရာ မူဝါဒ ချမှတ် တာပဲဖြစ်ဖြစ်  အခြားသော ဖွံ့ဖြိုးရေးစီမံကိန်းကိုပဲဖြစ်ဖြစ် ဆောင်ရွက်မယ်ဆိုရင် ကျမတို့ဒီမူဝါဒကို ကိုးကားနိုင်တဲ့ဆိုတဲ့ဟာကို ပြောပြစေချင်တယ်။ လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဘယ်ကဏ္ဍပဲ ဖြစ်ဖြစ် မူဝါဒပိုင်းဆောင်ရာ ဆွေးနွေးမှုဆိုလို့ရှိရင် ကျမတို့ အမျိုးသမီးရှုထောင့်ကနေပြီးတော့မှ ဆွေးနွေးထားတဲ့ ဒီမူဝါဒတွေကိုလည်း ထည့်သွင်းစဉ်းစားစေချင်တဲ့အတွက် ဒီစာအုပ်မိတ်ဆက်ပွဲကို လုပ်ရခြင်းဖြစ်တယ်။ ” အဆိုပါ မူဝါဒ အကြံပြုချက်စာအုပ်ကို ကရင်နီအမျိုးသမီးများအစည်းရုံး KNOW၊ ကယန်း အမျိုးသမီးများ အစည်းရုံး KYWOနဲ့ အမျိုးသမီးများအတွက် အမျိုးသမီးများဖောင်ဒေးရှင်း (WWF)တို့က ကမကထပြုပြီး သက်ဆိုင်ရာမြို့နယ်တွေနဲ့အဖွဲ့အစည်းတွေနဲ့ သွားရောက် တွေ့ဆုံ ဆွေးနွေးပြီး ပြုစုခဲ့တဲ့  အကြံပြုချက်တွေဖြစ်တယ်လို့ ကရင်နီအမျိုးသမီးများ အစည်းအရုံး KNOW ပြောခွင့်ရသူ မော်ဖရေးမြာက အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။   “ကိုယ်နေတဲ့ ကိုယ့်ရဲ့ပတ်သက်တဲ့မြို့နယ် အုပ်စုတွေမှာ ဒီလိုမျိုးနိုင်ငံရေး ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒအကြံပြုချက်ထွက်ရှိလာဖို့အတွက်ဆိုလို့ရှိရင် ကျမတို့ အသီးသီးကြိုးစား ပြီးတော့ ကျမတို့ရဲ့ မြို့နယ် အမျိုးသမီးကိုယ်စားလှယ်တွေနဲ့ အသီးသီးသွားရောက်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ကြပါတယ်။ အဲလိုမျိုးပြုလုပ်နိုင်အောင် ကျမတို့ ဒီ ၂၀၁၅ ကတည်းကကြိုးစားလာတာ ယနေ့ စာအုပ်ထုတ်နိုင်တဲ့ အချိန်အထိဖြစ်ပါတယ်။” ဒါ့အပြင်ဒီမူဝါဒကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာဖြစ်စေ၊ လက်ရှိ နိုင်ငံတော် မူဝါဒဆိုင်ရာပြုပြင်ပြောင်းလဲမှုလုပ်တာပဲဖြစ်စေ လိုအပ်နေတဲ့ အမျိုးသမီးအခန်း ကဏ္ဍတွေမှာ အသုံးပြုနိုင်မယ်လို့လည်း ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေမှာ အမျိုးသမီးအခန်းကဏ္ဍပါဝင်မှု အားနည်းသေးပြီး အနာဂါတ်ဖယ်ဒပြည်ထောင်စုကိုသွားတဲ့အချိန်မျိုးမှာ အမျိုးသမီးတွေရဲ့အခန်း ကဏ္ဍပိုပြီးပါဝင်လာဖို့ရည်ရွယ်ကာ အခုအကြံပြုချက်ကို ထုတ်ပြန်ရတာလို့လည်း ကယန်းအမျိုးသမီး အစည်းအရုံး (KyWO)က မူထရေးဇာက ပြောပါတယ်။ ကရင်နီပြည်အမျိုးသမီးတွေရဲ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒအကြံပြုချက်မှာ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ လက်ရှိနိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးအခန်းကဏ္ဍဆိုင်ရာ မူဝါဒ အကြံပြုချက်နဲ့ ကြားကာလမှာ ထားရှိရမယ့် အခြေခံမူတွေ၊ ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးဖြစ်စဉ်မှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍမြှင့်တင်ရေးအတွက် ထားရှိရမယ့် အခြေခံမူများဆိုပြီး အပိုင်း ခွဲခြား ထားပါတယ်။ အဲဒီအပိုင်း ၂ ပိုင်းအောက်မှာမှ နိုင်ငံရေးဆိုင်ရာအခြေခံမူ၊ လူမှုရေးဆိုင်ရာအခြေခံမူ၊ စီးပွားရေးဆိုင်ရာအခြေခံမူနဲ့ မြေယာနဲ့သဘာဝသံယံဇာတဆိုင်ရာ အခြေခံမူဆိုပြီး အခန်းကဏ္ဍ အလိုက်အကြံပြုထားပါတယ်။ ဒီကနေ့ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားမှာ ကယားပြည်နယ်အတွင်းမှာရှိတဲ့ လူမှု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ စုစုပေါင်း လူဦးရေ ၁၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024