Home
မြန်မာသတင်း
ပြီးခဲ့သည့် ၁ လအတွင်း ကလေးငယ်များအပါအဝင် ၄၆ ဦး လူကုန်ကူးခံရ
ပိုင်စိုး
·
October 2, 2019
ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ကလေးငယ်တွေအပါအဝင် လူကုန်ကူးခံရတာ ၄၆ ယောက်ရှိခဲ့ပြီး အမှုတွေရဲ့ ထက်ဝက်ကျော်က တရုတ်နိုင်ငံသားတွေရဲ့ ဇနီးမယားအဖြစ် အဓမ္မထိမ်းမြားဖို့ လူကုန်ကူးခံရတာဖြစ်တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သိရတယ်။ ဒါဟာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တဲ့ လူကုန်ကူးမှုစာရင်းဖြစ်ပြီး အမှု ၁၅ မှုမှာ အမျိုးသမီး ၃၃ ယောက် အပါအဝင် တရားခံပေါင်း ၅၄ ယောက်ဖမ်းဆီးမိခဲ့ပါတယ်။ ယောကျ်ားလေး ၁ ယောက်နဲ့ မိန်းကလေး ၆ ယောက်အပါအဝင် လူပေါင်း ၂၅ ယောက် လူကုန်ကူးခံခဲ့ရတာဖြစ်ပါတယ်။ လူကုန်ကူးမှုတွေထဲမှာ ယေဘုယျအားဖြင့် ကျူးလွန်သူထဲမှာရော လူကုန်ကူးခံရသူထဲမှာပါ မိန်းကလေးက ပိုများနေတာကို တွေ့ရပါတယ်။ ၂၅ မှုထဲက ၁၃ မှုဟာ အဓမ္မလက်ထပ်ဖို့နဲ့ အငှားကိုယ်ဝန်ဆောင်ဖို့အတွက် တရုတ်နိုင်ငံကို ဦးတည်ခဲ့တာဖြစ်ပြီး ပြည်တွင်းမှာတော့ အဓမ္မခိုင်းစေမှု ၁ မှုနဲ့ ပြည့်တန်ဆာမှု ၁ မှုအတွက် လူကုန်ကူးခံခဲ့ကြရပါတယ်။ ဒီအမှုဖြစ်ခဲ့တဲ့ဒေသတွေကတော့ ရှမ်းပြည်နယ်မှာ ၄ မှု၊ ရန်ကုန်တိုင်း ၃ မှု၊ ဧရာဝတီတိုင်း ၃ မှု၊ မန္တလေးတိုင်းမှာ ၃ ခု၊ ကချင်ပြည်နယ်မှာ ၂ မှုဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေလူကုန်ကူးခံရတဲ့အကြောင်း စစ်တမ်းတခုမှာတော့ ၂၀၁၇ ခုနှစ်က လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ၇၂ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကိုဖြစ်ပြီး ၂၀၁၈ ခုနှစ် မှာတော့ ၈၀ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တရုတ်ကနေ မြန်မာအမျိုးသမီးလုပ်သား ၆၅၀၀၀ ပြန်လာခဲ့ပြီး အမျိုးသမီး ၁၀၄၀၀ ဟာ တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ခဲ့ရသလို အမျိုးသမီး ၂၈၀၀ ကတော့ အဓမ္မကိုယ်ဝန်ဆောင်ခိုင်းစေတာခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024