Home
မြန်မာသတင်း
ကေအန်ယူ ခေါင်းဆောင်များကို တွေ့ဆုံရန် သမ္မတ ဖိတ်ကြား
နော်နိုရင်း
·
January 2, 2013
သမ္မတ ဦးသိန်းစိန်က မကြာခင်ကမှ အသစ်ပြန်လည်ရွေးကောက်တင်မြှောက်လိုက်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်သစ် ၅ ဦးကို ဖိတ်ကြားတာကြောင့် ဇန်န၀ါရီလ ၅ ရက်နေ့မှာ တွေ့ဆုံကြမယ်လို့ ကေအန်ယူက ပြောပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်က ပြီးဆုံးတဲ့ ညီလာခံမှာ ရွေးချယ်ခံရတဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ အတွင်းရေးမှူးချုပ် ပဒိုကွယ်ထူးဝင်း၊  တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲနဲ့ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်းတို့ ၅ ဦးကို ဖိတ်ကြားတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။ “ဆွေးနွေးပွဲပုံစံတော့မဟုတ်ဘူး၊ သမ္မတဖိတ်ကြားချက်အပေါ်မှာ တွေ့ဆုံပွဲပါ။ ၅ ရက်နေ့ တွေ့ဆုံဖို့ လျာထားတယ်။ အဓိက ကေအန်ယူခေါင်းဆောင်ဖြစ်တဲ့ ကြီး ၅ ကြီးပိုင်း ဖိတ်တာပေါ့။ ဒါပေမယ့် အားလုံးသွားနိုင်မှာမဟုတ်ဘူး။ တချို့ပဲ သွားနိုင်မယ်။ အဓိက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ် သွားပါမယ်။ ကျန်တာ တချို့ခေါင်းဆောင်တွေ လိုက်မယ်။” သမ္မတနဲ့တွေ့ဆုံဖို့ ဇန်န၀ါရီလ ၃ ရက်နေ့ ကုန်းလမ်းခရီးနဲ့ ထွက်ခွာမယ်လို့ သိရပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့အတူ ကေအန်ယူ တာဝန်ရှိသူ ၇ ဦး လောက် လိုက်ပါသွားမယ်လို့ သိရပါတယ်။ သမ္မတက ဘာဆွေးနွေးပြောဆိုမယ်ဆိုတာ မသိရပေမယ့် ကေအန်ယူဘက်ကတော့ သမ္မတနဲ့တွေ့တဲ့အခါ ပြောဆို တင်ပြမယ့်အချက်တွေကို ပြင်ဆင်ထားတယ်လို့ ပဒိုမန်းမန်းက ပြောပြပါတယ်။ “အခုဆွေးနွေးပွဲက ငြိမ်းချမ်းရေးဖြစ်စဉ်လုပ်ငန်းစဉ်အောက်မှာတော့ မရှိပါဘူး။ သီးခြားသမ္မတဖိတ်ခေါ်မှုအရ တွေ့ဆုံမှုသာဖြစ်တယ်။ ဒါပေမယ့် အခွင့်အခါရတဲ့အခိုက် တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တာတွေ၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ထိုးစစ်ပိုပြင်းထန်လာတဲ့ ကိစ္စတွေကို ဆွေးနွေးသွားမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးတွေ့ဆုံတဲ့အဆင့်ရောက်နိုင်ဖို့ အဓိပ္ပာယ်ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုးအတွက် ပြောဆိုဆွေးနွေးသွားမယ်။ အခွင့်အခါရရင် ဒါတွေကို ထည့်သွင်းဆွေးနွေး ပြောဆိုသွားပါမယ်။” ကရင်အမျိုးသားအစည်းအရုံးက ညီလာခံအပြီးမှာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်အောင် တနိုင်ငံလုံးအပစ်ရပ်ဖို့ အစိုးရကို ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။ ဒီနှစ် ဇန်န၀ါရီလအတွင်းမှာ ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဟာ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ရော၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့နဲ့ရော၊ ကရင်အမျိုးသားအစည်းအရုံးနဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ ဦးအောင်မင်းနဲ့ နီးစပ်တဲ့ အမည်မဖော်လိုတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်က လွန်ခဲ့တဲ့ သီတင်းပတ်မှာ ပြောဆိုပါတယ်။ ကေအန်ယူနဲ့ အစိုးရအကြား နှစ်ပေါင်း ၆၀ ကျော် တိုက်ခိုက်နေရာက မနှစ် ဇန်န၀ါရီ ၁၂ ရက်နေ့မှာ အပစ်အခတ်ရပ်စဲဖို့ ကရင်ပြည်နယ် ဘားအံမြို့မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။ ကေအန်ယူ တာဝန်ရှိသူတွေပြောဆိုချက်အရ အပစ်ရပ် ပထမအဆင့်ကို လက်မှတ်ထိုးခဲ့တာဖြစ်ပြီး တပ်တည်ကိစ္စ၊ တပ်လှုပ်ရှားကိစ္စတွေ ထပ်မံဆွေးနွေးရဦးမယ်လို့ ဆိုပါတယ်။ အဲဒီအဆင့်တွေပြီးရင်တော့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024