ဂျပန်နိုင်ငံ ကုန်ရောင်းခွန် ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံ

1.3K
ဂျပန်နိုင်ငံဟာ အောက်တိုဘာလ ၁ ရက်နေ့က ကုန်ရောင်းခွန်ကို ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကို တိုးမြှင့်လိုက်ပါတယ်။
ဒီလို လုပ်ဆောင်တာဟာ ကျဆင်းနေတဲ့ နိုင်ငံဘဏ္ဍာရေးကို ပြုပြင်ဖို့အတွက် အရေးပါတယ်လို့ ရှုမြင်ပေမယ့် ဒီလုပ်ဆောင်ချက်က စားသုံးသူတွေအပေါ် ထိခိုက်စေပြီး နိုင်ငံ့စီးပွားရေးကို ကျဆင်းသွားစေနိုင်ပါတယ်။
ဂျပန်အစိုးရဟာ ကုန်ရောင်းခွန် တိုးမြှင့်လိုက်တဲ့အပေါ်မှာ ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို ရှောင်ရှားဖို့နဲ့ စားသုံးသူတွေပေါ် ထိခိုက်မယ့် ဒဏ်လျှော့ချဖို့ အစီအမံတွေကို ဆောင်ရွက်နေပါပြီ။
၂၀၁၄ ခုနှစ်တုန်းက အလားတူ တိုးမြှင့်လိုက်တာကြောင့် ဆိုးဆိုးရွားရွား စီးပွားရေး ကျဆင်းခဲ့ပါတယ်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက “အခွန်တိုးမြှင့်တာဟာ မျိုးဆက်အားလုံးအတွက် ရည်ရွယ်တဲ့ အာမခံစနစ်နဲ့ ရှေ့ဆက်သွားဖို့ ခြေလှမ်းကြီးတရပ် ဖြစ်ပါတယ်။ အဲဒီအာမခံစနစ်အရ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အဆင်ပြေမှာ ဖြစ်တယ်”လို့ ပြောပါတယ်။
ဒီလို အခွန်တိုးမြှင့်ငွေကို သက်ကြီးလူမှုဖူလုံရေးလုပ်ငန်းတွေအတွက် ကျခံသွားမယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ငန်းတွေမှာ မူလတန်းကြို အခမဲ့ပညာရေး၊ သူနာပြု စောင့်ရှောက်စရိတ် လျှော့ချရေး၊ အာမခံကြေးနဲ့ ပင်စင်ခံစားခွင့်နည်းတဲ့ သက်ကြီးရွယ်အိုတွေကို ထောက်ပံ့ကြေး ပေးအပ်တာတွေ ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။