
![]() |
![]() |
|---|
![]() |
![]() |
|---|
ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းသားတဦးကို တလ ထိုင်းဘတ်ငွေ ၇၀၀ နှုန်းနဲ့ ထည့်ဝင်ရတာဖြစ်လို့ သားသမီးများတဲ့ မိဘတွေနဲ့ ဆင်းရဲတဲ့မိဘတွေအနေနဲ့ ကျောင်းလခ ပုံမှန်ထည့်ဝင်နိုင်ဖို့ အခက်အခဲ ရှိနေပါတယ်။
ဒါကြောင့် ကျောင်းသားများတဲ့ မိဘတွေအတွက် အခုပညာသင်နှစ်ကစလို့ တဦးစာအတွက်သာ ဘတ် ၇၀၀ ကောက်ယူပြီး ကျန်တဲ့ကလေးတွေအတွက်တော့ ဘတ် ၃၀၀ သာ ကောက်ယူတယ်လို့ ကျောင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။
ကိုယ်ထူကိုယ်ထကျောင်း ဖြစ်တဲ့အလျောက် လိုအပ်နေတဲ့ ကျောင်းရန်ပုံငွေကို ကူညီ ဖြေရှင်းပေးတဲ့အနေနဲ့ နေ့ခင်း နေ့လယ်မှာ ဆရာတွေက ကလေးတွေကို အအေးတို့၊ မုန့်တို့ ရောင်းချပြီးလည်း ရန်ပုံငွေရှာကြရပါတယ်။
ကလေးများလာတာနဲ့အမျှ ရန်ပုံငွေမရှိရင်တော့ ကျောင်း ရှေ့ဆက်ဖွင့်ဖို့ မလွယ်ဘူးလို့ ကျောင်းဆရာမ ဒေါ်တင်လေးယုက ပြောပါတယ်။
“အဓိက ငွေရေးကြေးရေးပြဿနာပဲ၊ ကလေးများလာတာနဲ့အမျှ ကလေးတယောက်ရဲ့ ကုန်ကျစရိတ်တွေ ရှိမယ်။ ဆရာတွေကို ငှားရတယ်။ ဆရာတွေကို ခေါ်ရတဲ့အတွက် ဆရာတွေကို ပေးရတဲ့ ကုန်ကျစရိတ်တွေ ရှိတယ်။ နောက် ကျောင်းဗာဟီရ ကုန်ကျစရိတ်တွေ ရှိတယ်။ ငွေကြေးရန်ပုံငွေ မရှိခဲ့ရင်တော့ ဒီလုပ်ငန်းကြီးက ရှေ့ဆက်မတိုးနိုင်ဘူး။ ဆိုတော့ အလှူရှင်တွေ ရှိခဲ့မယ်ဆိုရင်လည်း ဖိတ်ခေါ်ပါတယ်၊ ဒီကျောင်းကြီးကို လာပြီးတော့ လေ့လာပါ၊ ကြည့်ပါ၊ လှူသွားပေးပါ”လို့ ဆရာမ ဒေါ်တင်လေးယုက ဖိတ်ခေါ်လိုက်ပါတယ်။
ဒီကျောင်းမှာ ကျောင်းစာအပြင် ကာယ၊ ပန်းချီအနုပညာတွေသင်ပေးသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမှိုက်ပစ်တာကအစ စည်းကမ်းတကျ ပစ်နိုင်အောင်နဲ့ ကလေးတွေ လူ့ကျင့်ဝတ်တွေသိရှိဖို့၊ စာရိတ္တနဲ့ ကိုယ်ကျင့်တရားကောင်းမွန်ဖို့တွေလည်း သင်ပေးပါတယ်။
ဒါပေမဲ့ ကျောင်းမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်ထိုးကြိတ်တာတွေ။ ဆရာတွေ ပြောစကားနားမထောင်တဲ့ ကျောင်းသားတွေ ရှိနေတုန်းပဲလို့ ဆရာမ ဒေါ်ဇင်မီမီချစ်က ပြောပါတယ်။
မဟာချိုင်မှာ MCDC ကျောင်းအပြင် တခြားအန်ဂျီအိုတွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ ရင်သွေးငယ်တွေအတွက် ဖွင့်လှစ်သင်ကြားပေးနေတဲ့ စာသင်ကျောင်းကလေး တချို့လည်း ရှိပါတယ်။ အဲဒီကျောင်းတွေမှာတော့ မြန်မာသင်ရိုးနဲ့ သင်ကြားကြတာ မဟုတ်ဘဲ ထိုင်းဘာသာနဲ့ သင်ပေးတာရှိသလို မွန်ဘာသာနဲ့ သင်ကြားပေးတဲ့ ကျောင်းတွေလည်း ရှိပါတယ်။
အလားတူ ဘန်ကောက်၊ ချင်းမိုင်၊ ဖန်င၊ မဲဆောက်၊ ရနောင်း စတဲ့ မြန်မာနိုင်ငံသားရွေ့ ပြောင်း လုပ်သားတွေအများအပြား နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ ဒေသတွေမှာလည်း ရွှေ့ပြောင်း ကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေ ရှိပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်ကတော့ ရနောင်းမြို့မှာ မြန်မာ ကလေးငယ် ၁၅၀၀ လောက်ကို စာသင်ပေးနေတဲ့ ရနောင်းဌာနီကျောင်းက ဆရာ၊ ဆရာမ ၃၀ ကျော်ကို တရားမဝင် စာသင်ပေးမှုနဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး နေရပ်ပြန်ပို့ခဲ့တဲ့အတွက် ရွှေ့ပြောင်းကျောင်းတွေရဲ့ အနာဂတ်ဟာ မရေမရာ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။
ထိုင်းနိုင်ငံက ကျောင်းတွေမှာ ဆရာ၊ ဆရာမအလုပ်ကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လုပ်ကိုင်ရင် ထိုင်းဥပဒေအရ ဒဏ်ငွေ အနည်းဆုံး ဘတ်ငွေ အနည်းဆုံး ၅၀၀၀ ကနေ ၅၀၀၀၀ အထိ ချမှတ်နိုင်တာ ဖြစ်ပါတယ်။
ထိုင်းမှာ မြန်မာ ဆရာ၊ ဆရာမတွေကို တရားဝင်ခန့်ထားဖို့ နိုင်ငံကူးလက်မှတ်၊ ဆရာဖြစ်သင်တန်းအောင် ဘွဲ့လက်မှတ်၊ ပညာရေးဌာန ထောက်ခံစာ၊ သံရုံးထောက်ခံစာ စတဲ့ အထာက်အထားများစွာ လိုအပ်ပြီး တရားဝင်အလုပ်လုပ်ခွင့် ရဖို့လည်း မလွယ်ကူလှပါဘူး။
ရနောင်းဌာနီကျောင်းက ထောင်နဲ့ချီတဲ့ ကျောင်းသားတွေကတော့ ဆရာတွေ နေရပ်ပြန်သွားလို့ စာသင်ဖို့ အခက်ခဲတွေ့နေရသလို ရနောင်းခရိုင်ရှိ နားလည်မှုနဲ့ ဖွင့်ထားတဲ့ တခြားရွှေ့ပြောင်း ကျောင်း ၁၀ ကျောင်းလောက်ဟာလည်း ပိတ်ထားရပါတယ်။
ခုတော့ မြန်မာရွေ့ပြောင်းကျောင်းဆရာတွေအနေနဲ့ ထိုင်းနိုင်ငံမှာ တရားဝင် ပညာသင်ကြားခွင့်ရှိရေးအတွက် နည်းလမ်းရှာဖို့ ထိုင်းနဲ့ မြန်မာအစိုးရတွေ ညှိနှိုင်းဆောင်ရွက် နေပါတယ်။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းကလေးငယ်တွေ မြန်မာစာသင်ယူနိုင်ရေး ညှိနှိုင်းဖြေရှင်းရေးဆိုင်ရာ အစည်းအဝေးကို ဘန်ကောက်မြို့မှာ စက်တင်ဘာ ၂၇ ရက်က ကျင်းပရာမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ထိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဆူချတ်တွန်ဂျာရိုအန်၊ ထိုင်းပညာရေးနဲ့ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေတက်ရောက်ပြီး မြန်မာစာသင်ကျောင်းတွေထိုင်းမှာ တရားဝင်ဖြစ်ဖို့နဲ့ ဆရာတွေ တရားဝင် သင်ကြားခွင့်ရဖို့ နှစ်နိုင်ငံ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းလုပ်ဆောင်သွားဖို့ သဘောတူညီခဲ့ပါတယ်။
မည်သို့ပင်ဆိုစေကာမူ မဟာချိုင်က ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းကလေးကတော့ ဆင်မပြေမှုတွေ အခက်အခဲတွေကြားက ယနေ့အထိတိုင် ဆက်လက်ပညာသင်ကြားခွင့် ရနေဆဲ ဖြစ်ပါတယ်။
ဒီကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားလေး မောင်လင်းသူရှိန်ကတော့ စာရေး တတ်နေပြီလားဆိုတဲ့အမေးကို သူ့နာမည် ခဲတံနဲ့ တလုံးချင်း စာလုံးပေါင်းပြီး ရေးပြပါတယ်။ သားကြီးလာရင် ဘာလုပ်မလဲဆိုတဲ့အမေးကိုတော့ “သားက စစ်ဗိုလ်ကြီး လုပ်မယ်”လို့ ဖြေပါတယ်။
သူ့အနားက ကလေးတွေကို ဆက်ပြီးမေးတော့ “သားလည်း စစ်ဗိုလ်ကြီး လုပ်မယ်။ သားက ဘောလုံးသမား လုပ်မယ်။ သမီးက တော့ ဆရာ မလုပ်မယ်။ သားက အင်ဂျင်နီယာ လုပ်မယ်”လို့ ကလေးတွေက သူတို့ရဲ့ ရည်မှန်းချက်တွေကို အသီးသီး အားတက်သရော ပြောပြကြပါတယ်။
သိပ်မကြာခင်မှာပဲ ကျောင်းလွှတ်လိုက်ပြီမို့ ကျောပိုးအိတ်လေးတွေ ကိုယ်စီ ကိုယ်စီ ကျောပိုးထားတဲ့ ကလေးတွေဟာ အတန်းလိုက် အတန်းလိုက် စည်းကမ်းတကျ တန်းစီကာ သက်ဆိုင်ရာ အတန်းပိုင်ဆရာမရဲ့ ကြီးကြပ်မှုနဲ့ ကျောင်းရှေ့မှာ ရပ်ထားတဲ့ ကျောင်းကြိုပို့ ကားတွေပေါ်ကို အသီးသီးတက်ကာ နေအိမ်ကို ပြန်သွားကြပါပြီ။
![]() |
![]() |
|---|