နိုင်ဂျီးရီးယားတွင် ကလေးထုတ်သည့်စက်ရုံဟုနာမည်ကြီးနေသည့် ဂိုဏ်းအဖွဲ့ကို ဖမ်းဆီး

နိုင်ဂျီးရီးယားနိုင်ငံမှာ အမျိုးသမီးတွေကိုဖမ်းပြီး ကိုယ်ဝန်ဆောင်ခိုင်းကာ မွေးလာတဲ့ ကလေးတွေကို ရောင်းစားနေတဲ့ ဂိုဏ်းအဖွဲ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ လာဂိုစ့်မြို့မှာ ကလေးထုတ်တဲ့စက်ရုံလို့ ခေါ်ကြတဲ့ ဂိုဏ်းအဖွဲ့ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဒီဂိုဏ်းဟာ အမျိုးသမီးတွေကို ဖမ်းဆီး၊ ကိုယ်ဝန်ဆောင်စေပြီး ကလေးမွေးခိုင်းကာ ကလေးတွေကို ရောင်းစားတဲ့ဂိုဏ်းပါ။
အဲဒီမှာ အဖမ်းခံထားရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ မိန်းကလေးငယ် ၁၉ ယောက်ကို ရဲတပ်ဖွဲ့က လွှတ်ပေးခဲ့ပါတယ်။ သူတို့ဟာ အိမ်အကူအလုပ် ရမယ်ဆိုတဲ့ ကတိနဲ့ လာဂိုစ့်မြို့ကို ခေါ်ဆောင်ခံခဲ့ရတာပါ။
“အမျိုးသမီးတယောက်က ကျမကို လာကြည့်ပြီးတော့ ဆေးထိုးတယ်။ ရုတ်တရက် ဗိုက်စနာလာတယ်။ ကျမ ကိုယ်ဝန်က ၇ လပဲ ရှိသေးတယ်။ ကျမ သုံးရက်လောက် ဗိုက်နာတယ်။ ရဲတွေ လာဖမ်းတဲ့အချိန်ထိ ကျမ မီးမဖွားရသေးဘူး” လို့ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ စက်တင်ဘာလ ၁၉ ရက်နေ့က ကလေးရောင်းစားတဲ့ ဂိုဏ်းကို ဝင်ရောက်စီးနင်းခဲ့တာပါ။
မှောင်ခိုသမားတွေဟာ ယောကျာ်းလေးဆိုရင် အမေရိကန်ဒေါ်လာ ၁၆၃၀ ဒေါ်လာနဲ့ မိန်းကလေးဆိုရင် အမေရိကန်ဒေါ်လာ ၉၈၀ နဲ့ ရောင်းစားကြတယ်လို့ လာဂို့စ်ရဲတပ်ဖွဲ့ ပြောခွင့်ရ ဘာလာ အယ်လ်ကာနာက ပြောပါတယ်။
“ကိုယ်ဝန်ဆောင် မိန်းကလေး အများစုကတော့ ဆယ်ကျော်သက်တွေပါ။ ကလေးတွေ မွေးလာရင် ရောင်းစားပြီး ပိုက်ဆံရှာဖို့ ရည်ရွယ်ထားတဲ့လူတွေက သူတို့ကို ဖမ်းခေါ်ထားပြီး ကိုယ်ဝန်ဆောင်ခိုင်းထားတာပါ။”
အဲဒီအမှုနဲ့ ပတ်သက်လို့ အသက် ၄၀ နဲ့ ၅၄ နှစ်အရွယ် အမျိုးသမီးနှစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး တတိယမြောက် သံသယ ရှိသူကိုတော့ ရဲတပ်ဖွဲ့က ရှာဖွေနေတုန်းပါပဲ။ လက်ရှိမှာတော့ ရာဇဝတ်စုံစမ်းစစ်ဆေးရေးဌာနက အဲဒီအမှုကို ကိုင်တွယ်နေပြီး တခြား သက်ဆိုင်ရာအဖွဲ့တွေကလည်း ပြန်လွတ်လာတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးတွေနဲ့ သူတို့ရဲ့ ကလေးတွေကို နေရာချထားပေးဖို့ စီစဉ်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း နိုင်ဂျီးရီးယားနိုင်ငံ ကာဒူနာမြို့က အစ္စလာမ်မစ် စာသင်ကျောင်းလို့ ပြောတဲ့ အဆောက်အအုံတခုထဲကနေ ယောကျာ်းလေးနဲ့ အမျိုးသား အယောက် ၄၀၀ ကျော်ကို ကယ်ဆယ်ခဲ့ရပါတယ်။
အငယ်ဆုံး အသက် ၅ နှစ်အရွယ်ထိ ရှိကြတဲ့ အဲဒီယောက်ျားလေးတွေဟာ သံကြိုးတွေနဲ့ ချုပ်နှောင်ခံထားရပြီး အရိုက်ခံထားရတဲ့ အမာရွတ်တွေလည်း တွေ့ရတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။