Home
မြန်မာသတင်း
ဘားအံအကျဉ်းထောင်ဖောက်ပြေး တရားခံ ၁၆ ဦး  နယ်စပ်ဒုက္ခသည်စခန်းတွင်ရောက်နေ
DVB
·
October 2, 2019
ဘားအံအကျဉ်းထောင်ဖောက်ပြေးလွတ်မြောက်သွားတဲ့ တရားခံ ၁၆ ဦးဟာ နယ်စပ်ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိခိုအောင်းလှုပ်ရှားနေတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ပြည်သူ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မကြာမီအချိန်အတွင်းမှာ ဖမ်းဆီးရမိမယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက ကျင်းပတဲ့ ၅၅ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ဒီဗွီဘီရဲ့မေးမြန်းချက်ကို  ဖြေကြားခဲ့တာပါ။ ရဲမှူးကြီး အောင်မြတ်မိုးက “အကျဉ်းမကျခင်က လာရောက်တဲ့ သူတို့ရဲ့ တချို့လက်နက်ကိုင်အဖွဲ့အစည်တွေအခြေပြုနေတဲ့ တဖက်နှစ်နိုင်ငံနယ်စပ်မှာ ဒုက္ခသည် စခန်းတွေကိုရောက်ရှိသွားပြီးတော့ တဖက်နိုင်ငံမှာခိုအောင်းပြီး လှုပ်ရှားနေတဲ့အတွက် ဒီ ၁၆ ဦးကို ကျနော်တို့ ပြန်လည်ဖမ်းဆီးဖို့ လောလောဆယ်မှာ အချိန်လေး တခုစောင့်ဆိုင်းနေရတယ်”လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ ဒုက္ခသည်စခန်းတွေနဲ့ နယ်စပ်မှာဖြစ်ပေါ်နေတဲ့ သတင်းအခြေအနေကို ထောက်လှမ်းပြီးတော့မှ သတင်းရရှိတာနဲ့တပြိုင်တည်း ဖမ်းဆီးသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ဘားအံအကျဉ်းထောင်အတွင်းကနေ အကျဉ်းထောင် ဝန်ထမ်းမောင်းနှင်တဲ့ အမှိုက်သည်ယာဉ်ကိုလုယက်ကာ အကျဉ်းသားနဲ့ အချုပ်သား ၄၂ ဦးက ထောင်တံခါးတွေကိုတိုက်ပြီး ယာဉ်ကိုမောင်းနှင်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။ ထွက်ပြေးသွားတဲ့ အကျဉ်းသားနဲ့အချုပ်သား ၂၆ ဦးကို ရက်ပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ပေမယ့် အကျဉ်းသား ၁၆ ဦးကတော့ ဒီကနေ့ထိ လွတ်မြောက်နေပါတယ်။ လွတ်မြောက်နေသူတွေဟာ မူးယစ်ဆေးဝါးမှုနဲ့ ၁၂ ဦး၊ အခြားမှုနဲ့ ၄ ဦးဖြစ်ပါတယ်။ အကျဉ်းထောင်ဖောက်ပြေးမှုနဲ့ပတ်သက်ပြီး ထောင်ပိုင်ကြီး ဦးအေးသန်းအပါအဝင် ထောင်ဝန်ထမ်း ၈ ဦးကို အကျဉ်းထောင် ဥပဒေပုဒ်မ ၅၄(၁)နဲ့ တရားစွဲဆိုခဲ့ပြီး ဩဂုတ် ၂၆ ရက်မှာ ဘားအံမြို့နယ်တရားသူကြီးက ထောင်ဒဏ် ၇ ရက် အမိန့်ချမှတ်ခဲ့ပါတယ်။ သတင်း-ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024