ဂွါတီမာလာတွင် ကန်ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိ ကိုကာစိုက်ခင်းများ ဖျက်ဆီး
DVB
·
October 2, 2019
ဂွါတီမာလာနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိတဲ့ ကိုကာစိုက်ခင်း ၁ ဒသမ ၅ သန်းကို ဖျက်ဆီးလိုက်ပြီလို့ ဂွါတီမာလာသမ္မတ ဂျင်မီ မိုရာလက်စ်က စက်တင်ဘာ ၃၀ ရက်နေ့မှာ ပြောပါတယ်။
လက်ရှိမှာ သမ္မတမိုရာလက်စ် ဦးဆောင်တဲ့ ဂွါတီမာလာအစိုးရဟာ ရာဇဝတ်ဂိုဏ်းတွေနဲ့ ကိုကာ စိုက်ပျိုးရေးလောကကို ပစ်မှတ်ထား အရေးယူလုပ်ဆောင်နေတာပါ။ ဒါ့အပြင် ကိုကာထုတ်လုပ်တဲ့ ဓာတ်ခွဲခန်း လေးခုကိုလည်း ဖျက်သိမ်းခဲ့တယ်လို့ သမ္မတ မိုရာလက်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကိုကင်းထုတ်လုပ်ရေး ဓာတ်ခွဲခန်းတခုကနေ တနေ့ကို ၃၀၀ ကီလိုဂရမ်ကနေ ၅၀၀ ကီလိုဂရမ်အထိ ကိုကင်း မူးယစ်ဆေးတွေ ထုတ်လုပ်ပါတယ်။
ဂွါတီမာလာ အရှေ့မြောက်ပိုင်းမှာ စစ်သားသုံးယောက် အသတ်ခံရတာနဲ့ ပတ်သတ်လို့ အစိုးရနဲ့ လွှတ်တော်က စစ်တပ်ကို အရေးပေါ်အခွင့်အာဏာ ယာယီပေးခဲ့ပြီးနောက် အခုလ အစောပိုင်းက အဲဒီဒေသမှာ ကိုကာစိုက်ခင်းတွေနဲ့ ကိုကင်း ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းတွေ တော်တော်များများကို အာဏာပိုင်တွေက တွေ့ရှိခဲ့ကြပါတယ်။
အဲဒီစစ်သားတွေဟာ မူးယစ်မှောင်ခိုကူးသူတွေရဲ့ ချုံခိုတိုက်ခိုက်တာ ခံခဲ့ရတာလို့ ဂွါတီမာလာအစိုးရက ပြောပါတယ်။
ဂွါတီမာလာနိုင်ငံဟာ တခြားဗဟိုအမေရိကနိုင်ငံတွေလိုပဲ တောင်အမေရိကကို ကိုကင်း ပို့ဆောင်တဲ့ လမ်းကြောင်းရဲ့ အချက်အချာကျတဲ့နေရာမှာ နှစ်ပေါင်းများစွာ တည်ရှိခဲ့တာပါ။ ကိုကာစိုက်ပျိုးရေးလုပ်ငန်းတွေကို ထိန်းချုပ်ဖို့ မကြာသေးခင်က အမေရိကန် အစိုးရက ဂွါတီမာလာကို ဖိအားပေးခဲ့ပါတယ်။