ပြည်တွင်းလေဆိပ်များတွင် လုံခြုံရေးဂရုစိုက်ရန် ညွှန်ကြားထား
ပိုင်စိုး
·
October 1, 2019
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် ပြည်တွင်းက လေဆိပ်တွေအနေနဲ့ လုံခြုံရေးဂရုစိုက်ကြဖို့ ညွှန်ကြားထားတယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ပြည်တွင်းက မြို့ကြီးတချို့မှာ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်နိုင်တဲ့အတွက် နိုင်ငံသားတွေ အနေနဲ့ သတိဝီရိယနဲ့ နေထိုင်သွားလာကြဖို့ အမေရိကန်သံရုံး အပါအဝင် သံရုံးတချို့က သတိပေး ထုတ်ပြန်အပြီးမှာ အခုလို ညွှန်ကြားလိုက်တာပါ။
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒု ညွှန်ချုပ် ဦးရဲထွဋ်အောင်က “ပြီးခဲ့တဲ့ အပတ်က အမေရိကန်သံရုံးက ထုတ်ပြန်ချက် ထုတ်တာရှိတယ်။ အဲဒီနောက် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခု(ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) နဲ့ ပြည်တွင်းလေဆိပ်တွေရယ် လုံခြုံရေး ဂရုစိုက်ဖို့ စာထုတ်လိုက်တာပါ။ ပုံမှန်လုပ်နေတဲ့အတိုင်းပဲ ဂရုစိုက်ဖို့၊ လုံခြုံရေး အထူးဂရုစိုက်ဖို့ ဆိုတာမျိုး ပြောတာပါ။ သီးခြားထပ်ပြီး ထူးထူးခြားခြား လုပ်ဖို့မဟုတ်ပါဘူး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ စက်တင်ဘာလ ၂၆ ရက်၊ အောက်တိုဘာလ ၁၆ ရက်နဲ့ ၂၆ ရက်တွေမှာ ဆက်တိုက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ဒါ့အပြင် လုံခြုံရေးအတွက် ပြင်ဆင်ထားဖို့၊ သတင်းမီဒီယာတွေရဲ့ နောက်ဆုံးရ သတင်းအချက် အလက်တွေကို သိရှိဖို့ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို သတိပေးထားဖို့ အသိပေး နှိုးဆော်ထားပါတယ်။