၂၀၁၂ နဲ့ မြန်မာဘောလုံး

၂၀၁၂ အတွင်း ကျင်းပခဲ့တဲ့ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေမှာ မြန်မာအသင်း အချို့ အောင်မြင်မှုတွေ ရရှိခဲ့ကြပေမယ့်လည်း ၂၀၁၂ ကို မြန်မာဘောလုံးအတွက် အောင်မြင်တဲ့ နှစ် ၁ နှစ် အဖြစ် သတ်မှတ်ဖို့ ခက်ခဲနေပါတယ်။ ၂၀၁၂ အတွင်း ကျင်းပခဲ့တဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ မြန်မာအသင်းများရဲ့ အနေအထားကို ပြန်ကြည့်ပါ။ မြန်မာ ယူ - ၂၂ အသင်းက အာရှ ယူ - ၂၂ ခြေစစ်ပွဲမှာ ဒေသတွင်းပြိုင်ဘက်တွေကို ကျော်ဖြတ်ကာ ခြေစစ်ပွဲအောင်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက အာဆီယံတံခွန်စိုက်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်ရောက်ခဲ့ပါတယ်။ နောက်ထပ် အောင်မြင်မှုတခုကတော့ ချီးကျူးစရာကောင်းတဲ့ မြန်မာအမျိုးသမီး ယူ - ၁၉ အသင်းရဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ မြန်မာ အမျိုးသမီး ယူ-၁၉ အသင်းဟာ အာရှ ယူ - ၁၉ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ အတွင်း မြန်မာအသင်းတွေ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအကြောင်း တင်ပြအပြီးမှာ မြန်မာအသင်းတွေရဲ့ ကျရှုံးမှုတွေကို ပြောချင်ပါသေးတယ်။ မြန်မာဘောလုံးလောကရဲ့ အမြင့်ဆုံး စံနှုန်းဖြစ်တဲ့ မြန်မာ့လက်ရွေးစင်အသင်း ဆူဇူကီးဖလား ပြိုင်ပွဲမှာ အရှက်ရဖွယ် အုပ်စုအဆင့်ကနေ ထွက်ရခြင်းနဲ့  ၂၀၁၂ အေအက်ဖ်စီကလပ် အသင်းပြိုင်ပွဲမှာ လက်ရှိမြန်မာနိုင်ငံရဲ့ အကောင်းဆုံးကလပ်အသင်းတွေ အုပ်စုအဆင့်မှာတင် ပြုတ်ကျန်နေရစ်ခြင်းတို့ ဖြစ်ပါတယ်။ ၂၀၁၂ အတွင်း မြန်မာအသင်းတွေ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲများမှ အနေအထားတွေကို ပြန်လည်တင်ပြလိုပါတယ်။ AFC CUP ပြိုင်ပွဲနဲ့  မြန်မာကလပ်အသင်းများ မြန်မာကလပ်အသင်းတွေဟာ AFC President's Cup ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ အနေထားကနေ ၂၀၁၂ မှာ AFC Cup ကို စတင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ဒုတိယ ရရှိထားတဲ့ ဧရာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ခဲ့ပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တွေကို အိမ်ကွင်း၊ အဝေးကွင်းစနစ်နဲ့ ယှဉ်ပြိုင်စေပြီး မတ် ၇၊ ၁၂၊ ဧပြီ ၃၊ ၁၁၊ ၂၄ ရက်နဲ့၊ မေ ၈ ရက်တို့မှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းဟာ ထိုင်းကလပ်အသင်း ချောင်ဘူရီ၊ စင်ကာပူကလပ်အသင်း ဟုမ်းယူနိုက်တက်၊ ဟောင်ကောင်ကလပ်အသင်း စီတီဇင် တို့နဲ့ ယှဉ်ပြိုင်ရာမှာ နိုင်ပွဲလုံးဝ မရှိဘဲ ၂ ပွဲသရေ၊ ၄ ပွဲရှုံး ရလဒ်နဲ့ အုပ်စုနောက်ဆုံးနေရာသာ ရရှိခဲ့ပါတယ်။ ဧရာဝတီယူနိုက်တက်အသင်းဟာ ရန်ကုန်ယူနိုက်တက်အသင်းထက် အခြေအနေ ပိုကောင်းခဲ့ပေမယ့် ရှုံးထွက်အဆင့် တက်ရောက်နိုင်တဲ့ အထိတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ မလေးရှားကလပ်အသင်း ကီလင်တန်၊ အင်ဒိုနီးရှားကလပ်အသင်း အရီမာ၊ ဗီယက်နမ်ကလပ် အသင်း ဆိုင်ဂုံတို့နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ ဧရာဝတီယူနိုက်တက်အသင်းဟာ အရီမာ၊ ဆိုင်ဂုံတို့နဲ့ ရမှတ်တူခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် ရန်ကုန်ယူနိုက်တက်အသင်းလိုပဲ အုပ်စုနောက်ဆုံး နေရာမှာ ရပ်တည်ရပြီး ပြိုင်ပွဲက ထွက်လိုက်ရပါတယ်။ AFC ယူ ၂၂ ခြေစစ်ပွဲနဲ့ မြန်မာအသင်း ယူ ၂၂ ခြေစစ်ပွဲကို ဇွန် ၂၃ ရက်မှ ဇူလိုင် ၃ ရက်အထိ ရန်ကုန်မြို့သုဝဏ္ဏကွင်းမှာ ကျင်းပခဲ့ပြီး အိမ်ရှင်မြန်မာအသင်းဟာ တောင်ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်တိုင်ပေအသင်းတို့နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒီခြေစစ်ပွဲမှာ အိမ်ရှင်မြန်မာအသင်းဟာ မြန်မာပရိသတ်ရဲ့ သောင်းသောင်းဖြဖြ အားပေးမှုအောက်မှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မြန်မာ ယူ - ၂၂ အသင်းအနေနဲ့ နာမည်ကြီး တောင်ကိုရီးယား အသင်းကို ဂိုးမရှိ သရေကစားခဲ့ပြီး ဖိလစ်ပိုင်ကို ၅-၁ ဂိုး၊ ဗီယက်နမ်ကို ၃-၁ ဂိုး၊ တရုတ်တိုင်ပေကို ၆-၂ ဂိုး၊ အဓိကပြိုင်ဘက် မလေးရှားအသင်းကို ၂-၁ ဂိုးတို့နဲ့ အနိုင်ရပြီး အုပ်စု ပထမအဖြစ် ခြေစစ်ပွဲအောင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနဲ့ တောင်ကိုရီးယားအသင်းတို့ ရမှတ် အနေအထားမှာ ၁၃ မှတ်စီ တူညီခဲ့ပေမယ့် ဂိုးကွာခြားချက်အရ တောင်ကိုရီးယားအသင်းက အုပ်စုပထမနေရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း ဂျပန်လူမျိုးနည်းပြ ကူမာဒါ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ မြန်မာလက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းဟာ ၂၀၁၂ အာဆီယံတံခွန်စိုက် အမျိုးသမီးပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်လို့ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းအနေနဲ့ အုပ်စုအဆင့်မှာ ဖိလစ်ပိုင်ကို ၃-၀ ဂိုး၊ စင်ကာပူ ကို ၁၁-၀ ဂိုးတို့ အနိုင်ရပြီး ဗီယက်နမ်ကို  ၁-၂ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ အုပ်စုဒုတိယအဖြစ် တက်ရောက်လာတဲ့ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်မှာ နာမည်ကြီး ထိုင်းအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲဆီ ခရီးဆက်နိုင်ခဲ့တယ်။ ဗိုလ်လုပွဲမှာ အိမ်ရှင်ဗီယက်နမ်အသင်းနဲ့ ပြန်တွေ့ပြီး သာမန်ပွဲ ကစားချိန်အတွင်း ဂိုးမရှိ သရေကျနေတာကနေ ပင်နယ်တီအဆုံးအဖြတ် ကန်ရာမှာ မြန်မာအသင်း ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဆူဇူကီးဖလားပြိုင်ပွဲနဲ့ မြန်မာ့လက်ရွေးစင်အသင်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲကို ခြေစစ်ပွဲအဆင့် ကနေ စတင်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲရဲ့ ခြေစစ်ပွဲကို အောက်တိုဘာ ၅ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ အရှေ့တီမောအသင်းတို့ ယှဉ်ပြိုင်ခဲ့တာပါ။ ဒီခြေစစ်ပွဲမှာ မြန်မာအသင်းဟာ ဘရူနိုင်းအသင်းကို ၁-၀ ဂိုး၊ တီမောအသင်းကို ၂-၁ ဂိုးတို့နဲ့ အနိုင်ရပြီး လာအိုအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပေမယ့် အုပ်စုပထမအဖြစ် ဆူဇူကီးဖလား ပြိုင်ပွဲနောက်ဆုံးအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ရဲ့ အုပ်စု (က) မှာ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ နိုဝင်ဘာလ ၂၄ ရက်ကနေ ၃၀ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာအသင်းဟာ ပွဲဦးထွက်မှာ ဗီယက်နမ်အသင်းကို ဂိုးမရှိ သရေကျခဲ့ပေမယ့် ထိုင်းကို ၄-၀၊ ဖိလစ်ပိုင်ကို ၂-၀  တို့နဲ့ ရှုံးကာ အုပ်စုနောက်ဆုံးနေရာကနေ ပြိုင်ပွဲက ထွက်လိုက်ရပါတယ်။ ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲတုန်းကလည်း မြန်မာအသင်း အုပ်စုနောက်ဆုံးဖြစ်ခဲ့လို့ ၂၀၁၂မှာ ခြေစစ်ပွဲဝင်ရတာ ဖြစ်ပြီး ၂၀၁၂ မှာ အုပ်စုနောက်ဆုံး ဖြစ်ပြန်တော့ ၂၀၁၄ မှာ ခြေစစ်ပွဲကနေ ပြန်ယှဉ်ပြိုင်ဦးမှာပါ။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနဲ့ အာရှအဆင့် ၂၀၁၃ အာရှယူ - ၁၉ အမျိုးသမီးဘောလုံး ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေကို ကျင်းပခဲ့ရာမှာ မြန်မာအသင်းဟာ ပထမအဆင့် ခြေစစ်ပွဲကနေ စတင်ယှဉ်ပြိုင်ခဲ့ရပါတယ်။ မြန်မာအသင်း ပါဝင်တဲ့ ပထမအဆင့်ခြေစစ်ပွဲကို အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အိမ်ရှင် ဖိလစ်ပိုင်၊ မြန်မာ၊ တရုတ်တိုင်ပေနဲ့ ဟောင်ကောင်အသင်းတို့ပါဝင်ကာ မြန်မာအသင်းက ပွဲတိုင်းအနိုင်ရပြီး အုပ်စုပထမအနေနဲ့ ဒုတိယအဆင့်ခြေစစ်ပွဲဆီ တက်လှမ်း လာပါတယ်။ ဒုတိယအဆင့်ခြေစစ်ပွဲကိုတော့ ဗီယက်နမ်နိုင်ငံမှာ ဒီဇင်ဘာ ၁ ရက်ကနေ ၅ ရက် အထိ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင် ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ အိန္ဒိယတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဒုတိယအဆင့်က မြန်မာ ယူ - ၁၉ အမျိုးသမီးအသင်းအတွက် ပိုမို ခက်ခဲခဲ့တာလည်း အမှန်ပါပဲ။ ဒါပေမယ့်  မြန်မာ အသင်းဟာ ပွဲဦးထွက်မှာ အိမ်ရှင် ဗီယက်နမ်ကို ၂-၁ နဲ့ အနိုင်ရလို့ အခြေအနေကောင်းသွားပြီး ဒုတိယပွဲစဉ်မှာ တရုတ်တိုင်ပေနဲ့ သရေကျပေမယ့် နောက်ဆုံးပွဲစဉ်မှာ အိန္ဒိယအသင်းကို ဂိုးပြတ်အနိုင်ရပြီး ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် နောက်ဆုံးခြေစစ်ပွဲ အဖြစ် ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရာမှာလည်း  ၁-၀ ဂိုးနဲ့ အနိုင်ရကာ ၂၀၁၃ မှာ ကျင်းပမယ့် အာရှ ယူ - ၁၉ နောက်ဆုံးအဆင့်ကို တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ နဲ့  မြန်မာဘောလုံး သုံးသပ်ချက် ၂၀၁၂ ကို ပြန်ကြည့်ပါ။ မြန်မာအသင်း အချို့အောင်မြင်မှုရရှိကာ အသင်းအချို့ အရှက်ရဖွယ် ရှုံးပွဲတွေ ကြုံခဲ့ပါတယ်။  အနုစိတ် သုံးသပ်ကြည့်လိုပါတယ်။ မြန်မာအသင်းတွေရှုံးနိမ့်ခဲ့တာက လက်ရွေးစင်အဆင့်ပွဲတွေနဲ့ အသက်ကန်သတ်ချက်မဲ့ ကလပ် အသင်းပြိုင်ပွဲတွေမှာ ဖြစ်ပါတယ်။ အောင်မြင်ခဲ့တာက အသက်ကန့်သတ်ချက်နဲ့ ပြိုင်ရတဲ့ပွဲတွေမှာပါ။ ဒီနေရာမှာ မြန်မာ ဘောလုံးရဲ့ အနာဂတ်မျိုးဆက်တွေက ဒေသတွင်းမှာ ပြိုင်ဘက်မရှိ အကောင်းဆုံးဖြစ်နေပြီလား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ၂၀၁၂ မှာ အောင်မြင်မှုရခဲ့တဲ့ မြန်မာဘောလုံးမျိုးဆက်တွေဟာ နောင်၂ နှစ်၊ ၃ နှစ် အကြာမှာ လက်ရွေးစင်အသင်းကို ကိုယ်စားပြုကြတဲ့အခါ အခုလိုပဲ ဒေသတွင်းပြိုင်ဘက်တွေ အပေါ် လွှမ်းမိုး အနိုင်ယူနိုင်စွမ်း ရှိဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ အဖြေတခု ထုတ်ပေးမယ့် အချိန်ကာလတခု ရောက်ရှိလာမှာက ရင်ခုန်စရာလည်းကောင်းလှပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up