Home
မေးမြန်းခန်း
လေယာဉ်ကြီးတွေသုံးပြီး တိုက်တယ်ဆိုတော့ ကမ္ဘာစစ်ဖြစ်သလို ခံစားရတယ်
DVB
·
December 31, 2012
ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာ အခု ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နယ်စပ်မှာရောက်ရှိနေတဲ့ ဒုက္ခသည်တွေက စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒီဒုက္ခသည်စခန်းက အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကချင်စစ်ပြေး ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးကော်မတီမှ ကိုလာရစ်ကို ဆက်သွယ် မေးမြန်းထားပါတယ်။ ကချင်မှာတိုက်ပွဲတွေဖြစ်နေတော့ ဒုက္ခသည်တွေရဲ့ အခြေအနေ သိချင်လို့ပါ။ သူတို့ ဘယ်လိုစိုးရိမ်ထိတ်လန့်နေကြရလဲ။ ဘယ်လို ဒုက္ခတွေကြုံနေရလဲ။ “သူတို့မှာ အရင်ကတည်းကလည်း ကျနော်တို့ ခက်ခက်ခဲခဲနဲ့ ကူညီပေးနေရတာ။ စစ်ပွဲတွေက ပြင်းထန်လာတော့ အခက်အခဲတွေ ရှိလာတယ်။ လိုင်ဇာနား နီးလာတော့ ကြောက်ရွံ့မှုတွေ ဖြစ်လာတယ်။ ဒီနေ့လည်း တိုက်လေယာဉ် ၁ စင်းနဲ့ လာဗုံးကြဲနေတယ်။ အဲတော့ မြို့ခံ ဒေသခံတွေဆိုရင် မနေ့ကဆိုရင် ဟိုဘက်ကမ်းကို ပြောင်းသွားကြတယ်။ ဒီမှာရှိနေတဲ့ လူတွေဟာလည်း မလုံခြုံတဲ့စိတ်တွေနဲ့ နေနေတာကို တွေ့တယ်။” လိုင်ဇာအနီးအနားမှာ ဒုက္ခသည်စခန်း ဘယ်နှခုလောက်ရှိလဲ။ “လိုင်ဇာအနီးအနားမှာ ဒုက္ခသည်စခန်း ၄ ခုလောက် ရှိတယ်။ ၄ ခုပေါင်း ဒုက္ခသည် ၁ သောင်း ၅ ထောင် ရှိတယ်။ ” စခန်းအနီးအနားကိုရော ဗုံးတွေလာမှန်တာတို့ ရှိလား။ “စခန်းနားကိုတောင် ဗုံးတွေရောက်လာတယ်။ ဟိုဘက်ကမ်း တရုတ်ပြည်ကိုလည်း ၂ လုံး ကျတယ်လို့ ဒီဘက်ကနေတောင် အသံလည်း ကြားတယ်။ ဟိုဘက်က ဒေသခံတွေ ပြောပြတယ်။ ဗုံးကြဲတာကလည်း စစ်ဘက်ဆိုင်ရာ ပစ်မှတ်သေချာမရှိဘဲနဲ့ လျှောက်ကြဲနေတာ တွေ့ရတယ်။ ဟိုနေ့က အရပ်သားတွေ ခြံထဲဆင်း အလုပ်လုပ်နေတုန်း အစိုးရတပ်က ဒေါ့ဖုံးယန်ဘက်ကနေ ပစ်လိုက်တဲ့ ဗုံး ၂ လုံးထိလို့ ၁ ယောက်သေတယ်၊ ၁ ယောက်ဒဏ်ရာရတယ်။ တိုက်ပွဲတွေပြင်းလာတယ်။ ဗုံးတွေလည်း ကျတော့ ပိုကြောက်လန့်မှုတွေ ဖြစ်နေရတယ်။ ဒေသခံတွေလည်း မလုံခြုံစိတ်တွေ ကြောက်စိတ်တွေနဲ့ အသက်ရှင်နေရတယ်။” စခန်းတွေက ဒုက္ခသည်တွေ ကြောက်တဲ့အတွက် တခြားနေရာတွေ တိမ်းရှောင်တာရော ရှိလား။ “ဒုက္ခသည်စခန်းကလွဲလို့ တခြားနေရာ တိမ်းရှောင်စရာမရှိဘူး။ တရုတ်စခန်းပဲ ရှိတယ်။ ဒါပေမယ့် သူတို့လည်း သိပ်လက်မခံတော့ဘူး။ မနှစ်ကလည်း ဒုက္ခသည် ၅ ထောင်ကျော်ကို မောင်းထုတ်တယ်လေ။ အခု ဖြစ်လာတော့လည်း သူတို့ဘက်မှာ လက်ခံမယ့် သဘောမျိုး မတွေ့ဘူး။ လက်ခံဖို့ စီစဉ်ထားတာ၊ လမ်း၊ တံတားပြင်ဆင်ပေးတာမျိုး မတွေ့ရဘူး။ အခု တိမ်းရှောင်စရာက တရုတ်ပြည်ပဲရှိတယ်။ ဒါပေမယ့် အခု သူတို့ဘယ်လိုလုပ်ကြရမလဲ မသိဖြစ်နေကြတာပေါ့။” ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုလာရစ် ဘာများပြောစရာရှိပါလဲ။ “စစ်ပွဲတွေ ဘာကြောင့် အဲလောက်အထိဖြစ်ရလဲပေါ့။ နှစ်ဖက်စလုံး ငြိမ်းချမ်းရေးနည်းလမ်းရှာဖို့ သင့်တယ်လို့ ပြောချင်တယ်။ လေယာဉ်ကြီးတွေသုံးပြီး တိုက်တယ်ဆိုတော့ တကယ့်ကို ကမ္ဘာစစ်ဖြစ်သလို ခံစားရတယ်။ နယ်စပ်ဒုက္ခသည်စခန်းကလူတွေရော၊ လိုင်ဇာဒေသခံတွေရော ကမ္ဘာစစ်ကြီးဖြစ်နေသလိုလေ။ ကျနော်တို့ မိဘတွေပြောတာ အော် ဂျပန်ခေတ်တို့ အင်္ဂလိပ်ခေတ်တုန်းက လေယာဉ်ပျံတွေ လာသလိုဖြစ်နေတယ်တဲ့ အဲလိုပုံစံနဲ့တူတယ်တဲ့။ ရန်ကုန်တို့၊ မန္တလေးတို့ မြစ်ကြီးနားတို့က မြို့သူမြို့သားတွေအားလုံးက တကယ့် ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုတွေဖြစ်လာပြီ ဆိုပြီး တက်ကြွ မျှော်မှန်းချက်တွေထားပြီး၊ တကယ့် နယ်စွန်နယ်ဖျားတွေမှာဖြစ်နေတဲ့ကိစ္စတွေကို လျစ်လျူရှုမေ့ထားတဲ့ပုံစံဖြစ်နေတာကို တကယ် စိတ်မကောင်းဖြစ်မိတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024