A d v e r t i s e m e n t With Us

အရိုးစုအဖြစ်ပြန်တွေ့ရသည့် ကရင်ကျေးရွာခေါင်းဆောင်ကို ဘယ်သူသတ်သလဲ

ထိုင်းနိုင်ငံမှာ ခုတလော လူအများစိတ်ဝင်တစား စောင့်ကြည့်နေတဲ့ သတင်းတပုဒ်ကတော့ လွန်ခဲ့တဲ့ ၅ နှစ်  ကျော်က ပျောက်ဆုံးသွားခဲ့ပြီး ပြီးခဲ့တဲ့လကမှ အရိုးအစအနတွေအဖြစ်သာ ပြန်တွေ့ရတဲ့ ကရင်တိုင်းရင်းသား ကျေးရွာလူထုခေါင်း ဆောင်တယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနောက်ပိုင်း  ဖစ်ချ်ပူရီခရိုင် ကဲင်ကကျန်မြို့နယ် ဘန်ကလွဲကျေးရွာက ပီလိ ခေါ် နိုင်းဖော်လဂျီ ရတ်ကျုံးကျရုန်း ဆိုသူမှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က တောထဲပျားရည်သွားဖွတ်ရင်း သစ်တောကြိုးဝိုင်းဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အရေးယူခြင်းခံရပြီး အဲဒီနောက်ပိုင်းမှာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့တာပါ။ တာဝန်ရှိသူတွေကတော့ ပျားရည်ဟာ တားမြစ်ထားတဲ့ သစ်တောထွက်ပစ္စည်းဖြစ်ကြောင်း ပညာပေးပြီး ပြန်လွှတ်လိုက်တယ်လို့ ပြောပေမယ့် ပီလိတယောက် အိမ်ကို ပြန်ရောက်မလာတော့ဘဲ  အစရှာမရအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ပျောက်ဆုံးနေသူ ပီလိကို ရှာဖွေပေးဖို့၊ သူနဲ့ နောက်ဆုံးအတူရှိခဲ့တဲ့ သစ်တောကြိုးဝိုင်း အရာရှိနဲ့တကွ ဝန်ထမ်းတွေကို စစ်ဆေးပေးဖို့ ကျန်ရစ်သူမိသားစုတွေက  ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးရုံး၊ တရားရုံးနဲ့ အထူးမှုခင်းစုံစမ်းစစ်ဆေးရေးဌာနတွေကို တောင်းဆိုခဲ့ပေမယ့် ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိဘူးလို့ဆိုပြီး အမှုပယ်ချခြင်းခံခဲ့ရပါတယ်။ ဒီမတိုင်ခင် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ပီလိရဲ့မွေးရပ်မြေ ဘန်ကလွဲကျေးရွာဟာ ထိုင်းနိုင်ငံသဘာ၀ သစ်တောကြိုးဝိုင်းဧရိယာထဲ ပါဝင်နေတယ်ဆိုပြီး တာဝန်ရှိသူတွေက သူတို့ကို ရွှေ့ပြောင်းခိုင်းပါတယ်။  တာဝန်ရှိသူတွေက ချထားပေးတဲ့ မြေယာအသစ်မှာ ထွန်ယက်စိုက်ပျိုးလို့ မဖြစ်ထွန်းတာကြောင့် ရွာသားတွေက နေရာဟောင်းမှာ ပြန်နေရာက သစ်တောထိန်းသိမ်းရေး တာဝန်ရှိသူတွေနဲ့ ပြဿနာဖြစ်ပြီး နေအိမ်အချို့မီးရှို့ခံခဲ့ရပါတယ်။ ပီလိရဲ့ အဘိုးဖြစ်သူ အသက် ၁၀၀ ကျော်ရှိ ပူခေါအိ (မကြာခင်ကမှကွယ်လွန်ခဲ့သူ) က သူတို့ဟာ ဘန်ကလွဲကျေးရွာမှာ ဘိုးစဉ်ဘောင်ဆက် ရှေးကတည်းက နေထိုင်လာခဲ့ပြီး အစိုးရကတော့ အဆိုပါ သူတို့ရွာပါတဲ့ မြေကို လွန်ခဲ့တဲ့ ၁၉၈၁ ခုနှစ်ကမှ သစ်တောကြိုးဝိုင်း  ဧရိယာအဖြစ် ကြေညာခဲ့တာလို့ ဆိုပါတယ်။ ပြောင်းရွှေ့ခံရတဲ့ အိမ်ခြေ ၆၀ နီးပါးရှိ ရွာသားတွေဟာ သူတို့ရဲ့ မူရင်းကျေးရွာမှာ ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်ခွင့်ရရေး၊ နေအိမ်တွေ မီးရှို့ခံရတဲ့ကိစ္စ သက်ဆိုင်ရာကို စစ်ဆေးအရေးယူပေးဖို့ တောင်းဆိုခဲ့ရာမှာ ထိုင်းလို ပြောတတ်ရေးတတ်တဲ့ ပီလိက အဓိကကျတဲ့ လူထုခေါင်းဆောင်တယောက် ဖြစ်လာပါတယ်။ ဒါပေမယ့် သူတို့တောင်းဆိုချက်တွေဟာ ထူးခြားမှုမရှိတဲ့အပြင် ပီလိတယောက်ကပါ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တာကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ တောင်ပေါ်တိုင်းရင်းသား အခွင့်အရေး အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အန်ဂျီအိုတွေကပါ ဝင်ရောက်လာပြီး ပီလိကိုရှာဖွေတွေ့ရှိရေး၊ မြေယာဆုံးရှုံးခဲ့တဲ့ အခွင့်အရေးပြန်ရရေး လှုံ့ဆော်မှုတွေ လုပ်ခဲ့ပါတယ်။ အခုလို လှုံ့ဆော်မှုတွေပြုခဲ့ပေမယ့် ၅ နှစ်ကြာသည့်တိုင် ထူးခြားမှုမရှိဘဲ ဖြစ်နေရာက ဒီနှစ် စက်တင်ဘာ ၄ ရက်မှာတော့ နောက်ထပ်အသစ်တက်လာတဲ့ ဒီအက်စ်အိုင် (ခေါ်) အထူးမှုခင်းစုံ စမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က သူတို့အနေနဲ့ ပျောက်ဆုံးနေတဲ့ ပီလိကို အရိုးအဖြစ် ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း သတင်းစာရှင်းပွဲလုပ်ကာ တရားဝင် ကြေညာလိုက်ပါတယ်။ သူတို့ ဒီအက်စ်အိုင်အဖွဲ့ဟာ ပီလိရှာဖွေရေးလုပ်ငန်းကို ၂၀၁၈ ကစပြီး လျှို့ဝှက်စုံစမ်းထောက်လှမ်းနေရာက လွန်ခဲ့တဲ့ ဧပြီလမှာတော့ သစ်တောကြိုးဝိုင်းဧရိယာရှိ  ကြိုးတံတားအောက် ရေထဲကနေ သံစည်ပိုင်းပြတ် ၁ လုံးနဲ့ အထဲမှာ လူအရိုးလို့ ယူဆရတဲ့ အရိုးစတွေ တွေ့ခဲ့ကြောင်း၊ အဆိုပါအရိုးစုကို ပီလိရဲ့ မိခင်ဖြစ်သူရဲ့ ဒီအန်အေနဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ တူညီနေတာကြောင့် အခုလို အများပြည်သူကို ဖွင့်ပြောရတာလို့ ဒီအက်စ်အိုင် ဒုညွှန်ကြားရေးမှူး ဒုရဲမှူးကြီး ကော်လဝပ် ပန်ပကကွန်းက ပြောပါတယ်။ ပီလိဟာ မသေခင် ညှဉ်းပန်းနှိပ်စက်ခံရပြီး မီးရှို့ခံရတဲ့ အနေအထားတွေ့ရှိတာကြောင့် နဂို လူပျောက်မှုကနေ လူသတ်မှုအဖြစ် တိုးမြှင့်ကာ ဖြစ်ရပ်မှန်ကို ဆက်လက်စုံစမ်းစစ်ဆေး သွားမယ်လို့  ဒုရဲမှူးကြီး ကော်လဝပ်က ဆက်ပြောပါတယ်။ ဒီအက်စ်အိုင်က ပီလိရဲ့ အရိုးစုတွေကို တွေ့ရှိတဲ့နေရာဟာ သစ်တောကြိုးဝိုင်းဧရိယာထဲမှာ ဖြစ်တဲ့အပြင် ပီလိမသေခင် နောက်ဆုံးအတူရှိနေခဲ့တဲ့သူတွေဟာ သူ့ကို ဖမ်းဆီးခဲ့တဲ့ သစ်တောအရာရှိနဲ့ လက်‌အောက်ခံ ဝန်ထမ်း ၄ ဦးဖြစ်တာကြောင့် ဒီအက်စ်အိုင်က သူတို့တွေကို အဓိကထားပြီး စစ်ဆေးမေးမြန်းမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ လူသတ်မှုမှာ လောလောဆယ် ဘယ်သူ့ကိုမှ စွဲချက်တင်ထားတာမရှိသေးပေမယ့် ထိုင်းနိုင်ငံ ပတ်ဝန်းကျင်နဲ့ သဘာ၀သယံဇာတဝန်ကြီးဌာနကတော့ အများပြည်သူစိတ်ကျေနပ်အောင် အဆိုပါသစ်တောဝန်ထမ်းတွေကို စက်တင်ဘာ ၆ ရက်နေ့ကစ ရာထူးရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။ ပီလိကို ဖမ်းဆီးခဲ့သူ သစ်တောအရာရှိ နိုင်းချိုင်းဝပ် ဆိုသူကတော့ ပီလိဟာ ဥပဒေက တားမြစ်ထားတဲ့ သစ်တောထွက်ပစ္စည်း ခိုးထုတ်လို့ အပြစ်ရှိပေမယ့် ပျားရည် ၅ ပုလင်းသာ ပါရှိတာကြောင့် ဒဏ်ငွေအနည်းငယ်တပ်ကာ ပညာပေးပြီး အဲဒီနေ့ ညနေ ၄ နာရီလောက်ကတည်းက ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း၊ ပီလိ ဘယ်သူဆိုတာလည်း သူမသိကြောင်း၊ သူ့ကို ပြန်လွှတ်လိုက်ပြီးဖြစ်တဲ့အတွက် သူနဲ့ မသက်ဆိုင်တော့ဘူးလို့ ဒီအက်စ်အိုင်ကို ပြောပါတယ်။ သစ်တောအရာရှိက ပီလိကို လွှတ်လိုက်ပြီလို့ပြောပေမယ့် အနီးက စီစီတီဗွီကင်မရာတွေမှာ ပီလိနဲ့တူတာ ဘာမှမတွေ့တဲ့အပြင် မျက်စိနဲ့ တပ်အပ်မြင်သူတွေလည်း မရှိ၊ သစ်တောအရာရှိနဲ့ ဝန်ထမ်းတွေရဲ့ ထွက်ဆိုချက်မှာ ကွဲလွဲချက်တွေ ရှိနေတာကြောင့် သူတို့အပေါ် သံသယတွေ မြင့်တက်နေပါတယ်။ ဒါ့အပြင် ပိလိရဲ့ ကင်မရာထဲမှာ သစ်တောဝန်ထမ်းမှ တောထဲကသစ်ပင်တွေခိုးဖြတ်နေတဲ့ ဓာတ်ပုံတွေ ရှိနေပြီး  အဆိုပါဓာတ်ပုံဟာ ပိလိပျောက်ဆုံးရတဲ့အကြောင်းနဲ့ ပတ်သက်နေတယ်လို့ ရွာသားတွေက ယူဆနေပါတယ် ။ ကျွန်းသစ်တွေနဲ့ တည်ဆောက်ထားတဲ့ သစ်တောအရာရှိရဲ့ ဇိမ်ခံအိမ်တွေလည်း လူမှုကွန်ရက်မှာ ပြန့်နေပါတယ် ။ ဒါပေမယ့် လူသတ်မှုနဲ့ ပတ်သက်တယ်လို့ သံသယရှိသူတွေဟာ  အဲဒီဒေသထဲမှာ သြဇာရှိသူ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေဖြစ်နေတာကြောင့် ဒီအက်စ်အိုင်အဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုသြဇာ အာဏာရှိသူတွေက ဝင်ရောက်စွက်ဖက်မှာ စိုးရိမ်ပြီး မြေပြင်မှာ ထဲထဲဝင်ဝင် စစ်ဆေးဆောင် ရွက်နေတဲ့ ဒီအက်စ်အိုင်အဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကိုလည်း စိုးရိမ်ပါကြောင်း ပီလိရဲ့ ဇနီးဖြစ်သူ မူးနော်နဲ့ ရွာသားတွေက သူတို့ကို သွားရောက်အားပေးတဲ့ ဒီအက်စ်အိုင်အဖွဲ့ကို ပြောခဲ့ပါတယ်။ ပီလိဟာ ပျောက်ဆုံးချိန်မှာ အသက် ၃၁  နှစ်သာရှိပြီး ဇနီးဖြစ်သူ မူးနော်နဲ့ သားသမီး ၅ ယောက်ကျန်ရှိပါတယ်။ ပီလိမရှိတဲ့နောက် ဇနီးဖြစ်သူဟာ ဟင်းရွက်တွေစိုက်ပျိုးရောင်းချရင်း လူမမယ်ကလေး ၅ ယောက်ကို ပင်ပန်းကြီးစွာ ရှာဖွေကျွေးမွေးနေရတာဖြစ်ပါတယ်။ ဒေသထဲမှာ သြဇာအာဏာသုံးပြီး  ရွာသားတွေကို ခြိမ်းခြောက်အနိုင်ယူနေတဲ့ အစိုးရဝန်ထမ်းတွေကို ဒီအက်စ်အိုင်က ဘယ်လိုစုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ်သားသား အရေးယူမလဲဆိုတာကို လူမှုကွန်ရက်က ဒီအမှုပေါ် စိတ်ဝင်တစား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ =============== အ႐ိုးစုအျဖစ္ျပန္ေတြ႕ရသည့္ ကရင္ေက်း႐ြာေခါင္းေဆာင္ကို ဘယ္သူသတ္သလဲ နန္းျမနဒီ ထိုင္းႏိုင္ငံမွာ ခုတေလာ လူအမ်ားစိတ္ဝင္တစား ေစာင့္ၾကည့္ေနတဲ့ သတင္းတပုဒ္ကေတာ့ လြန္ခဲ့တဲ့ ၅ ႏွစ္  ေက်ာ္က ေပ်ာက္ဆုံးသြားခဲ့ၿပီး ၿပီးခဲ့တဲ့လကမွ အ႐ိုးအစအနေတြအျဖစ္သာ ျပန္ေတြ႕ရတဲ့ ကရင္တိုင္းရင္းသား ေက်း႐ြာလူထုေခါင္း ေဆာင္တေယာက္အေၾကာင္းပဲ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံအေနာက္ပိုင္း  ဖစ္ခ်္ပူရီခ႐ိုင္ ကဲင္ကက်န္ၿမိဳ႕နယ္ ဘန္ကလြဲေက်း႐ြာက ပီလိ ေခၚ ႏိုင္းေဖာ္လဂ်ီ ရတ္က်ဳံးက်႐ုန္း ဆိုသူမွာ လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္ ဧၿပီလ ၁၇ ရက္ေန႔က ေတာထဲပ်ားရည္သြားဖြတ္ရင္း သစ္ေတာႀကိဳးဝိုင္းဆိုင္ရာ တာဝန္ရွိသူေတြရဲ႕ အေရးယူျခင္းခံရၿပီး အဲဒီေနာက္ပိုင္းမွာ ေပ်ာက္ခ်င္းမလွ ေပ်ာက္ဆုံးသြားခဲ့တာပါ။ တာဝန္ရွိသူေတြကေတာ့ ပ်ားရည္ဟာ တားျမစ္ထားတဲ့ သစ္ေတာထြက္ပစၥည္းျဖစ္ေၾကာင္း ပညာေပးၿပီး ျပန္လႊတ္လိုက္တယ္လို႔ ေျပာေပမယ့္ ပီလိတေယာက္ အိမ္ကို ျပန္ေရာက္မလာေတာ့ဘဲ  အစရွာမရေအာင္ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ ေပ်ာက္ဆုံးေနသူ ပီလိကို ရွာေဖြေပးဖို႔၊ သူနဲ႔ ေနာက္ဆုံးအတူရွိခဲ့တဲ့ သစ္ေတာႀကိဳးဝိုင္း အရာရွိနဲ႔တကြ ဝန္ထမ္းေတြကို စစ္ေဆးေပးဖို႔ က်န္ရစ္သူမိသားစုေတြက  ရဲတပ္ဖြဲ႕၊ အုပ္ခ်ဳပ္ေရး႐ုံး၊ တရား႐ုံးနဲ႔ အထူးမႈခင္းစုံစမ္းစစ္ေဆးေရးဌာနေတြကို ေတာင္းဆိုခဲ့ေပမယ့္ ခိုင္လုံတဲ့ သက္ေသအေထာက္အထား မရွိဘူးလို႔ဆိုၿပီး အမႈပယ္ခ်ျခင္းခံခဲ့ရပါတယ္။ ဒီမတိုင္ခင္ လြန္ခဲ့တဲ့ ႏွစ္ ၂၀ ေက်ာ္က ပီလိရဲ႕ေမြးရပ္ေျမ ဘန္ကလြဲေက်း႐ြာဟာ ထိုင္းႏိုင္ငံသဘာ၀ သစ္ေတာႀကိဳးဝိုင္းဧရိယာထဲ ပါဝင္ေနတယ္ဆိုၿပီး တာဝန္ရွိသူေတြက သူတို႔ကို ေ႐ႊ႕ေျပာင္းခိုင္းပါတယ္။ တာဝန္ရွိသူေတြက ခ်ထားေပးတဲ့ ေျမယာအသစ္မွာ ထြန္ယက္စိုက္ပ်ိဳးလို႔ မျဖစ္ထြန္းတာေၾကာင့္ ႐ြာသားေတြက ေနရာေဟာင္းမွာ ျပန္ေနရာက သစ္ေတာထိန္းသိမ္းေရး တာဝန္ရွိသူေတြနဲ႔ ျပႆနာျဖစ္ၿပီး ေနအိမ္အခ်ိဳ႕မီးရႈိ႕ခံခဲ့ရပါတယ္။ ပီလိရဲ႕ အဘိုးျဖစ္သူ အသက္ ၁၀၀ ေက်ာ္ရွိ ပူေခါအိ (မၾကာခင္ကမွကြယ္လြန္ခဲ့သူ) က သူတို႔ဟာ ဘန္ကလြဲေက်း႐ြာမွာ ဘိုးစဥ္ေဘာင္ဆက္ ေရွးကတည္းက ေနထိုင္လာခဲ့ၿပီး အစိုးရကေတာ့ အဆိုပါ သူတို႔႐ြာပါတဲ့ ေျမကို လြန္ခဲ့တဲ့ ၁၉၈၁ ခုႏွစ္ကမွ သစ္ေတာႀကိဳးဝိုင္း  ဧရိယာအျဖစ္ ေၾကညာခဲ့တာလို႔ ဆိုပါတယ္။ ေျပာင္းေ႐ႊ႕ခံရတဲ့ အိမ္ေျခ ၆၀ နီးပါးရွိ ႐ြာသားေတြဟာ သူတို႔ရဲ႕ မူရင္းေက်း႐ြာမွာ ျပန္လည္ေနထိုင္ လုပ္ကိုင္စားေသာက္ခြင့္ရေရး၊ ေနအိမ္ေတြ မီးရႈိ႕ခံရတဲ့ကိစၥ သက္ဆိုင္ရာကို စစ္ေဆးအေရးယူေပးဖို႔ ေတာင္းဆိုခဲ့ရာမွာ ထိုင္းလို ေျပာတတ္ေရးတတ္တဲ့ ပီလိက အဓိကက်တဲ့ လူထုေခါင္းေဆာင္တေယာက္ ျဖစ္လာပါတယ္။ ဒါေပမယ့္ သူတို႔ေတာင္းဆိုခ်က္ေတြဟာ ထူးျခားမႈမရွိတဲ့အျပင္ ပီလိတေယာက္ကပါ ထူးဆန္းစြာေပ်ာက္ဆုံးသြားခဲ့တာေၾကာင့္ လူ႔အခြင့္အေရးလႈပ္ရွားသူေတြ၊ ေတာင္ေပၚတိုင္းရင္းသား အခြင့္အေရး အဖြဲ႕အစည္းေတြ၊ ႏိုင္ငံတကာ အန္ဂ်ီအိုေတြကပါ ဝင္ေရာက္လာၿပီး ပီလိကိုရွာေဖြေတြ႕ရွိေရး၊ ေျမယာဆုံးရႈံးခဲ့တဲ့ အခြင့္အေရးျပန္ရေရး လႈံ႕ေဆာ္မႈေတြ လုပ္ခဲ့ပါတယ္။ အခုလို လႈံ႕ေဆာ္မႈေတြျပဳခဲ့ေပမယ့္ ၅ ႏွစ္ၾကာသည့္တိုင္ ထူးျခားမႈမရွိဘဲ ျဖစ္ေနရာက ဒီႏွစ္ စက္တင္ဘာ ၄ ရက္မွာေတာ့ ေနာက္ထပ္အသစ္တက္လာတဲ့ ဒီအက္စ္အိုင္ (ေခၚ) အထူးမႈခင္းစုံ စမ္းစစ္ေဆးေရး ရဲတပ္ဖြဲ႕က သူတို႔အေနနဲ႔ ေပ်ာက္ဆုံးေနတဲ့ ပီလိကို အ႐ိုးအျဖစ္ ရွာေဖြေတြ႕ရွိၿပီျဖစ္ေၾကာင္း သတင္းစာရွင္းပြဲလုပ္ကာ တရားဝင္ ေၾကညာလိုက္ပါတယ္။ သူတို႔ ဒီအက္စ္အိုင္အဖြဲ႕ဟာ ပီလိရွာေဖြေရးလုပ္ငန္းကို ၂၀၁၈ ကစၿပီး လွ်ိဳ႕ဝွက္စုံစမ္းေထာက္လွမ္းေနရာက လြန္ခဲ့တဲ့ ဧၿပီလမွာေတာ့ သစ္ေတာႀကိဳးဝိုင္းဧရိယာရွိ  ႀကိဳးတံတားေအာက္ ေရထဲကေန သံစည္ပိုင္းျပတ္ ၁ လုံးနဲ႔ အထဲမွာ လူအ႐ိုးလို႔ ယူဆရတဲ့ အ႐ိုးစေတြ ေတြ႕ခဲ့ေၾကာင္း၊ အဆိုပါအ႐ိုးစုကို ပီလိရဲ႕ မိခင္ျဖစ္သူရဲ႕ ဒီအန္ေအနဲ႔ တိုက္ဆိုင္စစ္ေဆးရာမွာ တူညီေနတာေၾကာင့္ အခုလို အမ်ားျပည္သူကို ဖြင့္ေျပာရတာလို႔ ဒီအက္စ္အိုင္ ဒုၫႊန္ၾကားေရးမႉး ဒုရဲမႉးႀကီး ေကာ္လဝပ္ ပန္ပကကြန္းက ေျပာပါတယ္။ ပီလိဟာ မေသခင္ ညႇဥ္းပန္းႏွိပ္စက္ခံရၿပီး မီးရႈိ႕ခံရတဲ့ အေနအထားေတြ႕ရွိတာေၾကာင့္ နဂို လူေပ်ာက္မႈကေန လူသတ္မႈအျဖစ္ တိုးျမႇင့္ကာ ျဖစ္ရပ္မွန္ကို ဆက္လက္စုံစမ္းစစ္ေဆး သြားမယ္လို႔  ဒုရဲမႉးႀကီး ေကာ္လဝပ္က ဆက္ေျပာပါတယ္။ ဒီအက္စ္အိုင္က ပီလိရဲ႕ အ႐ိုးစုေတြကို ေတြ႕ရွိတဲ့ေနရာဟာ သစ္ေတာႀကိဳးဝိုင္းဧရိယာထဲမွာ ျဖစ္တဲ့အျပင္ ပီလိမေသခင္ ေနာက္ဆုံးအတူရွိေနခဲ့တဲ့သူေတြဟာ သူ႔ကို ဖမ္းဆီးခဲ့တဲ့ သစ္ေတာအရာရွိနဲ႔ လက္‌ေအာက္ခံ ဝန္ထမ္း ၄ ဦးျဖစ္တာေၾကာင့္ ဒီအက္စ္အိုင္က သူတို႔ေတြကို အဓိကထားၿပီး စစ္ေဆးေမးျမန္းမႈေတြ ေဆာင္႐ြက္လ်က္ရွိပါတယ္။ လူသတ္မႈမွာ ေလာေလာဆယ္ ဘယ္သူ႔ကိုမွ စြဲခ်က္တင္ထားတာမရွိေသးေပမယ့္ ထိုင္းႏိုင္ငံ ပတ္ဝန္းက်င္နဲ႔ သဘာ၀သယံဇာတဝန္ႀကီးဌာနကေတာ့ အမ်ားျပည္သူစိတ္ေက်နပ္ေအာင္ အဆိုပါသစ္ေတာဝန္ထမ္းေတြကို စက္တင္ဘာ ၆ ရက္ေန႔ကစ ရာထူးေ႐ႊ႕ေျပာင္းထားတယ္လို႔ ဆိုပါတယ္။ ပီလိကို ဖမ္းဆီးခဲ့သူ သစ္ေတာအရာရွိ ႏိုင္းခ်ိဳင္းဝပ္ ဆိုသူကေတာ့ ပီလိဟာ ဥပေဒက တားျမစ္ထားတဲ့ သစ္ေတာထြက္ပစၥည္း ခိုးထုတ္လို႔ အျပစ္ရွိေပမယ့္ ပ်ားရည္ ၅ ပုလင္းသာ ပါရွိတာေၾကာင့္ ဒဏ္ေငြအနည္းငယ္တပ္ကာ ပညာေပးၿပီး အဲဒီေန႔ ညေန ၄ နာရီေလာက္ကတည္းက ျပန္လႊတ္လိုက္ၿပီျဖစ္ေၾကာင္း၊ ပီလိ ဘယ္သူဆိုတာလည္း သူမသိေၾကာင္း၊ သူ႔ကို ျပန္လႊတ္လိုက္ၿပီးျဖစ္တဲ့အတြက္ သူနဲ႔ မသက္ဆိုင္ေတာ့ဘူးလို႔ ဒီအက္စ္အိုင္ကို ေျပာပါတယ္။ သစ္ေတာအရာရွိက ပီလိကို လႊတ္လိုက္ၿပီလို႔ေျပာေပမယ့္ အနီးက စီစီတီဗြီကင္မရာေတြမွာ ပီလိနဲ႔တူတာ ဘာမွမေတြ႕တဲ့အျပင္ မ်က္စိနဲ႔ တပ္အပ္ျမင္သူေတြလည္း မရွိ၊ သစ္ေတာအရာရွိနဲ႔ ဝန္ထမ္းေတြရဲ႕ ထြက္ဆိုခ်က္မွာ ကြဲလြဲခ်က္ေတြ ရွိေနတာေၾကာင့္ သူတို႔အေပၚ သံသယေတြ ျမင့္တက္ေနပါတယ္။ ဒါ့အျပင္ ပိလိရဲ႕ ကင္မရာထဲမွာ သစ္ေတာဝန္ထမ္းမွ ေတာထဲကသစ္ပင္ေတြခိုးျဖတ္ေနတဲ့ ဓာတ္ပုံေတြ ရွိေနၿပီး  အဆိုပါဓာတ္ပုံဟာ ပိလိေပ်ာက္ဆုံးရတဲ့အေၾကာင္းနဲ႔ ပတ္သက္ေနတယ္လို႔ ႐ြာသားေတြက ယူဆေနပါတယ္ ။ ကြၽန္းသစ္ေတြနဲ႔ တည္ေဆာက္ထားတဲ့ သစ္ေတာအရာရွိရဲ႕ ဇိမ္ခံအိမ္ေတြလည္း လူမႈကြန္ရက္မွာ ျပန႔္ေနပါတယ္ ။ ဒါေပမယ့္ လူသတ္မႈနဲ႔ ပတ္သက္တယ္လို႔ သံသယရွိသူေတြဟာ  အဲဒီေဒသထဲမွာ ၾသဇာရွိသူ၊ ဌာနဆိုင္ရာ ဝန္ထမ္းေတြျဖစ္ေနတာေၾကာင့္ ဒီအက္စ္အိုင္အဖြဲ႕ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ပိုမိုၾသဇာ အာဏာရွိသူေတြက ဝင္ေရာက္စြက္ဖက္မွာ စိုးရိမ္ၿပီး ေျမျပင္မွာ ထဲထဲဝင္ဝင္ စစ္ေဆးေဆာင္ ႐ြက္ေနတဲ့ ဒီအက္စ္အိုင္အဖြဲ႕ဝင္ေတြရဲ႕ လုံၿခဳံေရးကိုလည္း စိုးရိမ္ပါေၾကာင္း ပီလိရဲ႕ ဇနီးျဖစ္သူ မူးေနာ္နဲ႔ ႐ြာသားေတြက သူတို႔ကို သြားေရာက္အားေပးတဲ့ ဒီအက္စ္အိုင္အဖြဲ႕ကို ေျပာခဲ့ပါတယ္။ ပီလိဟာ ေပ်ာက္ဆုံးခ်ိန္မွာ အသက္ ၃၁  ႏွစ္သာရွိၿပီး ဇနီးျဖစ္သူ မူးေနာ္နဲ႔ သားသမီး ၅ ေယာက္က်န္ရွိပါတယ္။ ပီလိမရွိတဲ့ေနာက္ ဇနီးျဖစ္သူဟာ ဟင္း႐ြက္ေတြစိုက္ပ်ိဳးေရာင္းခ်ရင္း လူမမယ္ကေလး ၅ ေယာက္ကို ပင္ပန္းႀကီးစြာ ရွာေဖြေကြၽးေမြးေနရတာျဖစ္ပါတယ္။ ေဒသထဲမွာ ၾသဇာအာဏာသုံးၿပီး  ႐ြာသားေတြကို ၿခိမ္းေျခာက္အႏိုင္ယူေနတဲ့ အစိုးရဝန္ထမ္းေတြကို ဒီအက္စ္အိုင္က ဘယ္လိုစုံစမ္းေဖာ္ထုတ္ၿပီး ျပတ္ျပတ္သားသား အေရးယူမလဲဆိုတာကို လူမႈကြန္ရက္က ဒီအမႈေပၚ စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကတာ ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up