အက်စ်တိုးနီးယားနိုင်ငံ ဒန်စကီဘဏ်ခွဲအကြီးအကဲဟောင်းကို သေဆုံးလျက် တွေ့ရှိ

ကမ္ဘာ့အကြီးဆုံး ငွေကြေးခဝါချမှုအတွက် စစ်ဆေးခံနေရချိန်မှာ ဥရောပမြောက်ပိုင်းက အကြီးဆုံးဘဏ်ဖြစ်တဲ့ ဒန်စကီဘဏ်ရဲ့ အက်စ်တိုးနီးယားနိုင်ငံ ဘဏ်ခွဲအကြီးအကဲဟောင်းကို စက်တင်ဘာ ၂၅ ရက်မှာ သေဆုံးလျက် တွေ့ခဲ့ရပါတယ်။
ဒန်စကီဘဏ်ရဲ့ အက်စ်တိုးနီးယားနိုင်ငံတွင်း လုပ်ငန်းတွေကို ၂၀၀၇ ကနေ ၂၀၁၅ ကြားမှာ ဦးစီးခဲ့တဲ့ အိုင်ဗာရေဟန်ရဲ့ အလောင်းကို ရဲတွေက ရှာတွေ့ခဲ့တာပါ။
သူဟာ အက်စ်တိုးနီးယား တရားသူကြီးတွေရဲ့ စုံစမ်းစစ်ဆေးမှုအတွင်း သက်သေထွက်ဆိုသူ ဖြစ်ပြီး သံသယရှိသူ မဟုတ်ဘူးလို့ အက်စ်တိုးနီးယား အစိုးရရှေ့နေတွေက အတည်ပြု ထားပါတယ်။
သူ့လက်ထက်မှာ အက်စ်တိုးနီးယားလို နိုင်ငံသေးသေးလေးကနေတဆင့် အမေရိကန်ဒေါ်လာ ၂၂၀ ဘီလျံ အလွှဲအပြောင်းဖြစ်ခဲ့လို့ ဒိန်းမတ်နိုင်ငံရဲ့ အကြီးဆုံးဘဏ် ဒန်စကီဟာ စုံစမ်းစစ်ဆေး ခံနေရပါတယ်။
အမေရိကန်၊ ဒိန်းမတ်၊ ဗြိတိန်နဲ့ အက်စ်တိုးနီးယားနိုင်ငံတွေက ဘဏ်ခွဲတွေမှာပါ စုံစမ်းစစ်ဆေးနေတာပါ။
ဂျာမနီနိုင်ငံ ဖရန့်ခ်ဖာ့တ်မြို့မှာရှိတဲ့ ဒန်စကီဘဏ်ရဲ့ ဌာနချုပ်တွေကို စီးနင်းခဲ့တယ်လို့ ဂျာမန် အစိုးရရှေ့နေတွေက ပြောပါတယ်။ ဒန်စကီဘဏ်ကတော့ သူတို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
အမေရိကန် အာဏာပိုင်တွေက ဒန်စကီဘဏ်ရဲ့ အက်စ်တိုးနီးယားနိုင်ငံထဲက ဘဏ်လုပ်ငန်း ဆောင်ရွက်မှုကို စုံစမ်းစစ်ဆေးနေချိန်မှာ ရေဟန် သေဆုံးခဲ့တာဖြစ်လို့ စစ်ဆေးမှု ရှုပ်ထွေးသွားမယ့် အလားအလာ ရှိနေပါတယ်။
ယူရိုငွေ သန်းသုံးရာလောက်ကို ငွေကြေးခဝါချမှု စွဲချက်နဲ့ ဒန်စကီ ဘဏ်ဝန်ထမ်းဟောင်း ဆယ်ယောက်ကို မနှစ်က ဒီဇင်ဘာမှာ ရုံးတင် အမှုဖွင့်ထားတာပါ။
ရေဟန် သေဆုံးမှုကို စုံစမ်းစစ်ဆေးမှာ မဟုတ်သလို ဘယ်သူ ပါဝင်ပတ်သက်မှုကိုမဆို ဖယ်ထုတ်ထားတယ်လို့ ရဲတွေက ပြောခဲ့ပါတယ်။
===========================
အက္စ္တိုးနီးယားႏိုင္ငံ ဒန္စကီဘဏ္ခြဲအႀကီးအကဲေဟာင္းကို ေသဆုံးလ်က္ ေတြ႕ရွိ
DVB
ကမာၻ႔အႀကီးဆုံး ေငြေၾကးခဝါခ်မႈအတြက္ စစ္ေဆးခံေနရခ်ိန္မွာ ဥေရာပေျမာက္ပိုင္းက အႀကီးဆုံးဘဏ္ျဖစ္တဲ့ ဒန္စကီဘဏ္ရဲ႕ အက္စ္တိုးနီးယားႏိုင္ငံ ဘဏ္ခြဲအႀကီးအကဲေဟာင္းကို စက္တင္ဘာ ၂၅ ရက္မွာ ေသဆုံးလ်က္ ေတြ႕ခဲ့ရပါတယ္။
ဒန္စကီဘဏ္ရဲ႕ အက္စ္တိုးနီးယားႏိုင္ငံတြင္း လုပ္ငန္းေတြကို ၂၀၀၇ ကေန ၂၀၁၅ ၾကားမွာ ဦးစီးခဲ့တဲ့ အိုင္ဗာေရဟန္ရဲ႕ အေလာင္းကို ရဲေတြက ရွာေတြ႕ခဲ့တာပါ။
သူဟာ အက္စ္တိုးနီးယား တရားသူႀကီးေတြရဲ႕ စုံစမ္းစစ္ေဆးမႈအတြင္း သက္ေသထြက္ဆိုသူ ျဖစ္ၿပီး သံသယရွိသူ မဟုတ္ဘူးလို႔ အက္စ္တိုးနီးယား အစိုးရေရွ႕ေနေတြက အတည္ျပဳ ထားပါတယ္။
သူ႔လက္ထက္မွာ အက္စ္တိုးနီးယားလို ႏိုင္ငံေသးေသးေလးကေနတဆင့္ အေမရိကန္ေဒၚလာ ၂၂၀ ဘီလ်ံ အလႊဲအေျပာင္းျဖစ္ခဲ့လို႔ ဒိန္းမတ္ႏိုင္ငံရဲ႕ အႀကီးဆုံးဘဏ္ ဒန္စကီဟာ စုံစမ္းစစ္ေဆး ခံေနရပါတယ္။
အေမရိကန္၊ ဒိန္းမတ္၊ ၿဗိတိန္နဲ႔ အက္စ္တိုးနီးယားႏိုင္ငံေတြက ဘဏ္ခြဲေတြမွာပါ စုံစမ္းစစ္ေဆးေနတာပါ။
ဂ်ာမနီႏိုင္ငံ ဖရန႔္ခ္ဖာ့တ္ၿမိဳ႕မွာရွိတဲ့ ဒန္စကီဘဏ္ရဲ႕ ဌာနခ်ဳပ္ေတြကို စီးနင္းခဲ့တယ္လို႔ ဂ်ာမန္ အစိုးရေရွ႕ေနေတြက ေျပာပါတယ္။ ဒန္စကီဘဏ္ကေတာ့ သူတို႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။
အေမရိကန္ အာဏာပိုင္ေတြက ဒန္စကီဘဏ္ရဲ႕ အက္စ္တိုးနီးယားႏိုင္ငံထဲက ဘဏ္လုပ္ငန္း ေဆာင္႐ြက္မႈကို စုံစမ္းစစ္ေဆးေနခ်ိန္မွာ ေရဟန္ ေသဆုံးခဲ့တာျဖစ္လို႔ စစ္ေဆးမႈ ရႈပ္ေထြးသြားမယ့္ အလားအလာ ရွိေနပါတယ္။
ယူ႐ိုေငြ သန္းသုံးရာေလာက္ကို ေငြေၾကးခဝါခ်မႈ စြဲခ်က္နဲ႔ ဒန္စကီ ဘဏ္ဝန္ထမ္းေဟာင္း ဆယ္ေယာက္ကို မႏွစ္က ဒီဇင္ဘာမွာ ႐ုံးတင္ အမႈဖြင့္ထားတာပါ။
ေရဟန္ ေသဆုံးမႈကို စုံစမ္းစစ္ေဆးမွာ မဟုတ္သလို ဘယ္သူ ပါဝင္ပတ္သက္မႈကိုမဆို ဖယ္ထုတ္ထားတယ္လို႔ ရဲေတြက ေျပာခဲ့ပါတယ္။