အွန်လိုင်းပေါ်က အစွန်းရောက်ပို့စ်များကို ဟန့်တားရန် ကမ္ဘာကျော်နည်းပညာကုမ္ပဏီများ စီစဉ်နေ

ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီးများအဖွဲ့ဟာ ခရိုက်ချာ့ချ် တိုက်ခိုက်မှုလိုမျိုး ထိခိုက်စေတဲ့ ဘယ်လို စာတွေ၊ ပုံတွေကိုမဆို ဖယ်ရှားရုံသာမက စကတည်းက ဟန့်တားဖို့ ကြိုးစားရေး စီစဉ်နေတယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ဂျာစင်ဒါအာဒါန်က ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ဆက်စပ် အစည်းအဝေးအတွင်း သတင်းစာ ရှင်းလင်းပွဲမှာ စက်တင်ဘာ ၂၃ ရက်က ပြောပါတယ်။
ခရိုက်ချာ့ချ် ဗလီမှာ အစုလိုက် သတ်ဖြတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစိုးရ အဖွဲ့ဝင်တွေနဲ့ ပညာရှင်တွေနဲ့အတူ ဆောင်ရွက်ခွင့်ပြုတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းက ဒီလုပ်ရပ်ကို စလုပ်လိုက်တာလို့ ဖေ့စ်ဘွတ်ခ် နိုင်ငံတကာ ကော်ပိုရေးရှင်းက ပြောပါတယ်။
နယူးဇီလန် တောင်ပိုင်းက ဗလီမှာ သောကြာ ဝတ်ပြုပွဲကို တက်လာတဲ့ မွတ်စလင်တွေကို သေနတ်သမား တယောက်က တိုက်ခိုက်ချိန်မှာ တိုက်ခိုက်သူက သူ့လုပ်ရပ်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။
“တိုက်ခိုက်မှုအပြီး ပထမ ၂၄ နာရီအတွင်းမှာ ဒီရုပ်သံကို ကြည့်သူ တသန်းခွဲ ရှိခဲ့တယ်။ မျှဝေမှု ၁ ဒသမ ၂ သန်းကို ဘယ်သူမှ မမြင်ခင် ကျမတို့ ဖြုတ်ချခဲ့တယ်။ နောက်တကြိမ် ဒါမျိုး ထပ်ဖြစ်တဲ့အထိ ကျမတို့ မစောင့်နိုင်ဘူး။ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ငန်းစဉ်တွေ စနစ်တွေ အစပြုဖို့ အခု ကြိုးကြိုးစားစား အလုပ်လုပ်ရမယ်။ ကျမတို့ရဲ့ လွတ်လပ်ခွင့်တွေကို လှိုက်စားဖို့ ကြိုးစားသူတွေအတွက် သတိရှိနေရမယ်”လို့ ဖေ့စ်ဘွတ်ခ်ရဲ့ လုပ်ငန်းလည်ပတ်မှု အရာရှိချုပ် ရှရီဆန်းဘာ့ဂ်က ပြောပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အင်တာနက် ဖိုရမ်ကို မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်း၊ တွစ်တာ နိုင်ငံတကာ ကော်ပိုရေးရှင်းနဲ့ အယ်လ်ဖှာဘတ် နိုင်ငံတကာ ကော်ပိုရေးရှင်းတို့လည်း ပါဝင်ဖွဲ့စည်းထားပါတယ်။
ဥရောပ အစိုးရတွေနဲ့ အမေရိကန် အစိုးရတို့က ဖိအားပေးအပြီးမှာ ဒီကုမ္ပဏီတွေဟာ အွန်လိုင်းပေါ်က အစွန်းရောက် တင်ပြချက်တွေကို ဖယ်ရှားဖို့ အဖြေတွေကို မျှဝေခဲ့ကြပြီး အစွန်းရောက်မှု တိုက်ဖျက်ရေး ပညာရှင်တွေနဲ့ လက်တွဲ လုပ်ဆောင်ရင်း အလားတူ တင်ပြချက်တွေကို တိုက်ဖျက်ရေး သုတေသနတွေ လုပ်ခဲ့ကြပါတယ်။
~~~~~~~~~~~~~~~~~~
Zawgyi_version
အြန္လိုင္းေပၚက အစြန္းေရာက္ပို႔စ္မ်ားကို ဟန႔္တားရန္ ကမာၻေက်ာ္နည္းပညာကုမၸဏီမ်ား စီစဥ္ေန
ကမာၻေက်ာ္နည္းပညာ ကုမၸဏီႀကီးမ်ားအဖြဲ႕ဟာ ခ႐ိုက္ခ်ာ့ခ်္ တိုက္ခိုက္မႈလိုမ်ိဳး ထိခိုက္ေစတဲ့ ဘယ္လို စာေတြ၊ ပုံေတြကိုမဆို ဖယ္ရွား႐ုံသာမက စကတည္းက ဟန႔္တားဖို႔ ႀကိဳးစားေရး စီစဥ္ေနတယ္လို႔ နယူးဇီလန္ ဝန္ႀကီးခ်ဳပ္ ဂ်ာစင္ဒါအာဒါန္က ကုလသမဂၢ အေထြေထြညီလာခံနဲ႔ ဆက္စပ္ အစည္းအေဝးအတြင္း သတင္းစာ ရွင္းလင္းပြဲမွာ စက္တင္ဘာ ၂၃ ရက္က ေျပာပါတယ္။
ခ႐ိုက္ခ်ာ့ခ်္ ဗလီမွာ အစုလိုက္ သတ္ျဖတ္မႈကို တုံ႔ျပန္တဲ့အေနနဲ႔ အစိုးရ အဖြဲ႕ဝင္ေတြနဲ႔ ပညာရွင္ေတြနဲ႔အတူ ေဆာင္႐ြက္ခြင့္ျပဳတဲ့ လြတ္လပ္တဲ့ အဖြဲ႕အစည္းက ဒီလုပ္ရပ္ကို စလုပ္လိုက္တာလို႔ ေဖ့စ္ဘြတ္ခ္ ႏိုင္ငံတကာ ေကာ္ပိုေရးရွင္းက ေျပာပါတယ္။
နယူးဇီလန္ ေတာင္ပိုင္းက ဗလီမွာ ေသာၾကာ ဝတ္ျပဳပြဲကို တက္လာတဲ့ မြတ္စလင္ေတြကို ေသနတ္သမား တေယာက္က တိုက္ခိုက္ခ်ိန္မွာ တိုက္ခိုက္သူက သူ႔လုပ္ရပ္ကို ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ေပၚကေန တိုက္႐ိုက္ ထုတ္လႊင့္ခဲ့ပါတယ္။
“တိုက္ခိုက္မႈအၿပီး ပထမ ၂၄ နာရီအတြင္းမွာ ဒီ႐ုပ္သံကို ၾကည့္သူ တသန္းခြဲ ရွိခဲ့တယ္။ မွ်ေဝမႈ ၁ ဒသမ ၂ သန္းကို ဘယ္သူမွ မျမင္ခင္ က်မတို႔ ျဖဳတ္ခ်ခဲ့တယ္။ ေနာက္တႀကိမ္ ဒါမ်ိဳး ထပ္ျဖစ္တဲ့အထိ က်မတို႔ မေစာင့္ႏိုင္ဘူး။ ပူးေပါင္းေဆာင္႐ြက္ဖို႔ လုပ္ငန္းစဥ္ေတြ စနစ္ေတြ အစျပဳဖို႔ အခု ႀကိဳးႀကိဳးစားစား အလုပ္လုပ္ရမယ္။ က်မတို႔ရဲ႕ လြတ္လပ္ခြင့္ေတြကို လႈိက္စားဖို႔ ႀကိဳးစားသူေတြအတြက္ သတိရွိေနရမယ္”လို႔ ေဖ့စ္ဘြတ္ခ္ရဲ႕ လုပ္ငန္းလည္ပတ္မႈ အရာရွိခ်ဳပ္ ရွရီဆန္းဘာ့ဂ္က ေျပာပါတယ္။
အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ကမာၻလုံးဆိုင္ရာ အင္တာနက္ ဖိုရမ္ကို မိုက္ခ႐ိုေဆာ့ဖ္ ေကာ္ပိုေရးရွင္း၊ တြစ္တာ ႏိုင္ငံတကာ ေကာ္ပိုေရးရွင္းနဲ႔ အယ္လ္ဖွာဘတ္ ႏိုင္ငံတကာ ေကာ္ပိုေရးရွင္းတို႔လည္း ပါဝင္ဖြဲ႕စည္းထားပါတယ္။
ဥေရာပ အစိုးရေတြနဲ႔ အေမရိကန္ အစိုးရတို႔က ဖိအားေပးအၿပီးမွာ ဒီကုမၸဏီေတြဟာ အြန္လိုင္းေပၚက အစြန္းေရာက္ တင္ျပခ်က္ေတြကို ဖယ္ရွားဖို႔ အေျဖေတြကို မွ်ေဝခဲ့ၾကၿပီး အစြန္းေရာက္မႈ တိုက္ဖ်က္ေရး ပညာရွင္ေတြနဲ႔ လက္တြဲ လုပ္ေဆာင္ရင္း အလားတူ တင္ျပခ်က္ေတြကို တိုက္ဖ်က္ေရး သုေတသနေတြ လုပ္ခဲ့ၾကပါတယ္။