၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီး လက်ရွေးစင်များ မြန်မာနှင့် ခြေစမ်းမည်

၉၄ ကမ္ဘာ့ဖလား ချန်ပီယံ ဘရာဇီးအသင်းက လက်ရွေးစင်ဘောလုံးသမားတွေပါဝင်တဲ့ အသင်းဟာ ဇန်န၀ါရီလမှာ ရန်ကုန်မှာ ခြေစမ်းပွဲ လာရောက် ကစားမယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာ ဇန်န၀ါရီ ၂၁ ရက် ဒါမှမဟုတ် ၂၂ ရက်၊ ၂၃ ရက်နေ့မှာ လာရောက်ကစားဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးက ပြောပါတယ်။ ပွဲကို သုဝဏ္ဏအားကစားကွင်းမှာ ညနေ ၄ နာရီ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ လာရောက်ကစားမယ့် ဘရာဇီလ်း အသင်းမှာ နာမည်ကြီး ကမ္ဘာကျော် ဘောလုံးသမားတွေ ဖြစ်တဲ့ ကာဖူး၊ ရောဘတ်တို ကားလို့စ်၊ ဘီဘတ်တို၊ ရိုမာရီယိုနဲ့ အခြား ဘရာဇီးလက်ရွေးစင်ဟောင်းတွေ လာရောက်မှာ ဖြစ်ပြီး ကစားသမား စာရင်းကို အတည်ပြုနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။  အနောက် ဂျာမနီ လက်ရွေးစင် လိုသာမာသီးယပ်စ်တို့လည်း ပါဝင်နိုင်ချေ ရှိပြီး သူကတော့ မြန်မာ အသင်းကနေ ပါဝင်ကစားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “၉၄ က ကမ္ဘာ့ဖလားရတဲ့ ဘောလုံးသမားတွေကို အခြေခံပြီး တခြားဘောလုံးသမားအဟောင်းတွေနဲ့ ပါနိုင်တဲ့သူပေါ့နော်။ ခေါ်လာပြီးတော့ ဒီက လက်ရွေးစင်ကစားသမားဟောင်းပေါ့ ကိုသန်းတိုးအောင်၊ ကိုဝင်းအောင်၊ ကိုမျိုးလှိုင်ဝင်း၊ ကိုကြည်လွင်၊ ကိုတင်မြင့်အောင် တို့ကို အခြေခံမယ်။ တခြားလက်ရွေးစင်ဟောင်း စိုးမြတ်မင်းတို့ အောင်အောင်ဦးတို့အခြေခံပြီး အထူးခြေစမ်းပွဲလေး လုပ်ချင်တယ်ဆိုပြီး ညှိလိုက်တော့ ဇန်န၀ါရီလ ၂၀ ရက်နေ့ သူတို့ မြန်မာပြည်ရောက်လာဖို့ ရှိတယ်။ “အဲခြေစမ်းပွဲပြီးရင်လည်း ကျနော်တို့ဆီက ၁၂ နှစ်နဲ့ ၁၅ နှစ်အောက် ဘောလုံးဝါသနာပါတဲ့ ကစားတတ်တဲ့ ကလေးတွေ၊ ကမ္ဘာကျော်ကစားသမားကြီးတွေနဲ့ တွဲပြီး လေ့ကျင်တာတို့။ အချိန်ရရင်၊ ညှိလို့ရရင် ဒီမှာ အမှတ်တရ လက်မှတ်ရေးထိုးတာတို့၊ ဓာတ်ပုံရိုက်ကူးတဲ့ အစီအစဉ်တို့ လုပ်ပေးမယ်။” ကမ္ဘာကျော်ဘောလုံးသမားတွေ လာရောက်ကစားတာဟာ မြန်မာနိုင်ငံ ဘောလုံးလောကအတွက် အကျိုးရှိတယ်လို့လည်း သူက ပြောပါတယ်။ ဒီအသင်းဟာ ရန်ကုန်မှာ ၃ ရက်တာ နေထိုင်သွားမှာ ဖြစ်ပြီး မြန်မာလူငယ်တွေကိုလည်း ဘောလုံး အားကစားနည်းနဲ့ ပတ်သက်ပြီးတော့ သင်ကြားပို့ချသွားမှာ ဖြစ်သလို ပရိသတ်တွေနဲ့လည်း ထိတွေ့မယ်လို့ ဆိုပါတယ်။ ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဘရာဇီးနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ ဘရာဇီလ်း သံရုံးနဲ့ တခြားအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်တာလို့ ဆိုပါတယ်။ အရင်ကလည်း ဂျပန် လက်ရွေးစင် ဘောလုံးသမား နာကာတာက မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up