ဗန်းမော် နာရေးကူညီမှုအသင်း တားမြစ်ခံရ
အေးနိုင်
·
December 28, 2012
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အာဏာပိုင်က နာရေးကူညီမှုအသင်းကို တားမြစ်တဲ့အတွက် ရပ်နားထားရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ဗန်းမော်မြို့က နာရေးကူညီမှုအသင်းကို မြို့ခံတက်ကြွသူ ၁၀ ဦးလောက်က မနှစ်က ဖွဲ့စည်း ဆောင်ရွက်နေတာပါ။ ဖွဲ့စမှာ စည်ပင်သာယာက လိုင်စင်မဲ့ ဆန်နီပစ်ကတ်ကားတစီးကို ရရှိခဲ့ပြီး နောက်ပိုင်းမှာ ရန်ကုန်က လိုင်စင်နဲ့ ကား ၁ စီးပေးအပ်ခဲ့ပါတယ်။
သူတို့ရဲ့ အနစ်နာခံဆောင်ရွက်မှုကြောင့် မြို့ခံတွေက သူတို့လုပ်ရပ်အပေါ် အားပေးသလို သိမ်တော်ကြီး ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကလည်း သူ့ကျောင်းဝင်းထဲမှာ နာရေးအသင်းကသုံးတဲ့ ကားတွေထားဖို့ ခွင့်ပြုခဲ့ပါတယ်။
သူတို့တတွေဟာ ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းတာသာဖြစ်ပြီး တရားဝင်မှတ်ပုံတင်ပြီး လုပ်ဆောင်ခြင်းတော့ မရှိသေးပါဘူး။
ဒီလဆန်းပိုင်း ၄ ရက်နေ့မှာ သူတို့အသင်းရဲ့ အလုပ်အမှုဆောင်ရွေးဖို့ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေနဲ့ မြို့ခံလူထုကို ဖိတ်ကြားရာမှာ ခရိုင်အုပ်ချုပ်ရေးမှူးက တရားဝင်ခွင့်ပြုချက်မရဘဲ ဆက်မလုပ်ဖို့ တားမြစ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ဒီဇင်ဘာ ၄ ရက်နေ့မှာ သေချာဖွဲ့စည်းဖို့ပါ။ မြို့မိမြို့ဖတွေရောပေါ့ လူ ၃၀၀ လောက် ဖိတ်မယ့် ဖိတ်စာတွေကို ခရက ဥက္ကဋ္ဌဖြစ်တဲ့ ဦးတေဇာအောင်ကို သွားဖိတ်တော့ ဘာမှမပြောဘူး။ ညကျမှ အဖွဲ့ထဲက ဦးမောင်မောင်သာကို မင်းတို့မှတ်ပုံမတင်ဘူး၊ လုပ်ရဲလုပ်ကြည့် ၁၇(၁)နဲ့ ဆွဲစိမယ်။ အဆောက်အအုံကိုလည်း ဘူဒိုဇာနဲ့ထိုးပစ်မယ်တဲ့။ ဒါနဲ့ ရုံးဖွင့်ပွဲအခမ်းအနားက ပျက်သွားတယ်။ ပြည်သူတွေဒုက္ခရောက်တာမြင်ချင်တဲ့ ဥက္ကဋ္ဌလို့ မြင်တယ်။”
နာရေးကူညီမှုအသင်းက သုံးစွဲနေတဲ့ကားတွေကို လိုင်စင်မဲ့ကားဖြစ်လို့ ဖမ်းမယ်လို့ ပြောပေမယ့် သူကိုယ်တိုင်နဲ့ တာဝန်ရှိသူတွေကိုယ်တိုင် လိုင်စင်မဲ့ကားတွေ စီးနင်းနေတယ်လို့ ဆိုပါတယ်။
“သူက လိုင်စင်မဲ့ကားတွေ ဖမ်းလို့ရတယ်ပြောတယ်။ ဒါပေမယ့် သူ ဦးတေဇာအောင်ရဲ့ ကား ၁ စီးဟာ ကုန်သည်တွေဝယ်ပေးထားရတဲ့ လိုင်စင်မဲ့ကား။ ဗန်းမော်မှာ ရဲမှူးတို့ဘာတို့ စီးတဲ့ကားတွေဟာလည်း လိုင်စင်မဲ့တွေပဲ။ ဌာနဆိုင်ရာ သစ်တောတို့ဘာတို့ သူတို့စီးနေတဲ့ ပါဂျဲရိုးကားတို့ဆိုလည်း လိုင်စင်မဲ့တွေ။ ဒါတွေကျ မပြောဘဲ ထားထားတယ်။ နောက် သိမ်တော်ကြီးဝင်းမှာ ဆောက်ထားတဲ့ အဆောက်အဦကလည်း သိမ်ကသာသနာ့နယ်မြေဖြစ်လို့ သိမ်တော်ကြီးဆရာတော်ရော ဂေါပကတွေပါ ခွင့်ပြုထားတာပါ။ ဒါကို ဘူဒိုဇာနဲ့ ထိုးပစ်မယ်ဆိုပြီး ကျိန်းဝါးတာမျိုးက မကောင်းဘူးလို့ ထင်တယ်။”
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ခရိုင်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရပါဘူး။