A d v e r t i s e m e n t With Us

ကိုယ့်သားမယားကို အဓမ္မပြုကျင့်ကြသလား…

ကျမတို့ မြန်မာစကားသုံးတွေထဲမှာ သူတပါးရဲ့ သဘာဝ ဖြစ်တည်မှုကို ချိုးနှိမ်တဲ့.. သူတပါးကို ထိခိုက် နစ်နာစေတဲ့ စကားသုံးတွေ အတော်များများရှိနေတာကို သတိထားမိကြမှာပါ။ တချို့ စကားသုံးတွေ ဆိုရင် အပြောအဆိုတွေထဲ လက်လွတ်စပယ် သုံးနေကြရာကနေ နောက်ပိုင်းတဖြည်းဖြည်းနဲ့ တရားဝင် အရေးအသားတွေထဲထိ နေရာယူလာတာတောင် ရှိလာပါတယ်။

တစ်ဦးတစ်ယောက်ရဲ့ လိင်ကွဲပြားဖြစ်တည်မှု ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းဖြစ်တည်မှုပုံစံနဲ့ ကိုယ်လက်အင်္ဂါ ချို့ယွင်းအားနည်းမှု ၊ ဘာသာရေး.. အသားအရောင် နဲ့ ဆင်းရဲ ချမ်းသာ ကွာခြားမှုတွေကို လှောင်ပြောင် ချိုးနှိမ်တဲ့ အသုံးနှုန်းမျိုးတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ မထူးဆန်းသလို သုံးလေ့ရှိနေကြတဲ့အပြင် အရေးအသားတွေထဲကိုပါ ရောက်လာတာဟာ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်း ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတာမို့ အင်မတန် စိတ်ထိခိုက်စရာကောင်းပါတယ်။

အဲဒီလို စကားသုံးတွေထဲကမှ ကျမ သိသိသာသာ သတိထားမိလာတဲ့ သတင်းတချို့ထဲက စကားသုံးတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ မုဒိမ်းမှု(Rape Case) ကို သားမယားပြုကျင့်မှု.. လို့ သုံးနေကြတာပါ။

အဘိဓာန်မှာ Rape ကို အစိုးရထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ မုဒိမ်းကျင့်သည် လို့ အနက်ဖွင့်ထားတာ ပြပါတယ်။ Rapist ကိုဆို မုဒိမ်းကာင်.. လို့တောင် ရင့်ရင့်သီးသီး တိတိကျကျ အနက်ဖွင့်ပါတယ်။

သားမယား ဆိုတဲ့ ဝေါဟာရကိုလည်း Family (မိသားစု) လို့ အနက်ဖွင့်ထားပါတယ်။ ဒီလိုဆိုတော့ သားမယား ပြုကျင့်မှု လို့ သုံးတာက မိသားစုဆက်ဆံရေးတစ်ခုအဖြစ် ပုံဖော်တဲ့သဘောဆောင်နေပါတယ်။ ဒါဖြင့် အဓမ္မ အနိုင်ကျင့်တဲ့ ကိစ္စကို ဘာလို့ သားမယားပြုကျင့် တယ် လို့ ဘာကြောင့်သုံးသလဲဆိုတဲ့ မေးခွန်း ထွက်လာ ပါတယ်။ ခက်တာက ဘယ်အဘိဓာန်မှာမှ မရှိတဲ့အသုံးကို ဘယ်သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ဘာကြောင့် စသုံး လိုက်တယ် ဆိုတဲ့အစ ရှာမရတာပါပဲ။

ဒီအဓိပ္ပါယ်အရတော့ မြန်မာအမျိုးသားများ.. လင်ယောကျ်ားများဟာ ကိုယ့်အိမ်သူဇနီးကို အဲဒီလို အနိုင်ကျင့် အကြမ်းဖက် ပြုမူ ဆက်ဆံ သလား.. အဲလို ထုံးစံရှိသလား.. အဲသလိုရော ခွင့်ပြုထားသလား။ အဲလို အလေ့အထ ရှိလို့ပဲ မတရားသဖြင့် ရိုင်းရိုင်းစိုင်းစိုင်း အနိုင်ကျင့် စော်ကားတဲ့ ကိစ္စကို .. အဲလို ပုံမှန်သဘော နဲ့ သားမယားလို ဆက်ဆံတယ်လို့ ခိုင်းနှိုင်း တာလား ဆိုတဲ့ ယဉ်ကျေးမှုထုံးတမ်းဆိုင်ရာမေးခွန်းတွေ မေးစရာ ရှိလာပါ တယ်။

ဒီလိုသာ အဓမ္မအနိုင်ကျင့်ဆက်ဆံတာကို သားမယားပြုကျင့်တယ်လို့ ဆိုလိုက်မယ်ဆိုရင် ဒါဟာ ကိုယ့်အမေ အပါအဝင် အမျိုးသမီးတွေ ရဲ့အဆင့်ကို နှိမ့်ချ စော်ကားလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါထက် ပိုတာ ကတော့ အဓမ္မကျင့်မှုရဲ့ ပြင်းထန်မှုဒီဂရီကိုပါ လျော့ကျသွားစေတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်နေစေတာပါပဲ။

အဲဒီနောက်ဆက်တွဲမှာတော့ လင်ယောကျ်ားက ဆက်ဆံတာ နဲ့ မုဒိမ်းကောင်က ပြုကျင့်တဲ့ အဓမ္မမှုဟာ အတူတူပဲလို့ အဓိပ္ပါယ် ပေါက်သွားပါတယ်။ ဒါဆိုရင် မုဒိမ်းမှု ဟာ အဓမ္မမှု မြောက်ပါဦးမလား။

သိပ်ကို ရှင်းတဲ့အဖြေပါ။ ဒါကို ဘာဖြစ်လို့ Rape Case ကို သားမယားပြုကျင့်မှု လို့ သုံးနေတာပါလဲ။  အဓိပ္ပါယ် တခုရဲ့ လေးနက်မှုကို ဂရုမစိုက်တာလား။ ကြီးလေးမှု ကို ပေါ့လျော့စေချင်တာလား အထိ တွေးစရာ ဖြစ်နေ ပါပြီ။ ဒါကြောင့် Rape Case ကို မုဒိမ်းမှု ၊ အဓမ္မကျင့်မှု လို့ သုံးရမယ့်အစား သားမယားပြုကျင့်မှု လို့ သုံးနေ တာကို ကန့်ကွက်ရတာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ကျွန်မကတော့ Rape ကို သားမယားပြုကျင့်တယ်လို့ သုံးတဲ့သူတွေကို မေးချင်ပါတယ်။

ခင်ဗျားတို့ ဇနီးမယားတွေကို အလိုမတူဘဲ အဓမ္မဆက်ဆံကြသလား… ဆိုတဲ့ မေးခွန်းပါ။

မေငြိမ်း

စက်တင်ဘာ၊ ၂၀၁၉။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version

ကိုယ့္သားမယားကို အဓမၼျပဳက်င့္ၾကသလား…

က်မတို႔ ျမန္မာစကားသံုးေတြထဲမွာ သူတပါးရဲ႕ သဘာဝ ျဖစ္တည္မႈကို ခ်ိဳးႏွိမ္တဲ့.. သူတပါးကို ထိခိုက္ နစ္နာေစတဲ့ စကားသံုးေတြ အေတာ္မ်ားမ်ားရွိေနတာကို သတိထားမိၾကမွာပါ။ တခ်ိဳ႕ စကားသံုးေတြ ဆိုရင္ အေျပာအဆိုေတြထဲ လက္လြတ္စပယ္ သံုးေနၾကရာကေန ေနာက္ပိုင္းတျဖည္းျဖည္းနဲ႔ တရားဝင္ အေရးအသား ေတြထဲထိ ေနရာယူလာတာေတာင္ ရွိလာပါတယ္။ တစ္ဦးတစ္ေယာက္ရဲ႕ လိင္ကြဲျပားျဖစ္တည္မႈ ၊ ကိုယ္အဂၤါ အစိတ္အပိုင္းျဖစ္တည္မႈပံုစံ နဲ႔ ကိုယ္လက္အဂၤါ ခ်ိဳ႕ယြင္းအားနည္းမႈ ၊ ဘာသာေရး.. အသားအေရာင္ နဲ႔ ဆင္းရဲ ခ်မ္းသာ ကြာျခားမႈေတြကို ေလွာင္ေျပာင္ ခ်ိဳးႏွိမ္တဲ့ အသံုးႏႈန္းမ်ိဳးေတြဟာ ျမန္မာ့လူ႔အဖြဲ႔အစည္းထဲမွာ မထူးဆန္းသလို သံုးေလ့ရွိေနၾကတဲ့အျပင္ အေရးအသားေတြထဲကိုပါ ေရာက္လာတာဟာ လူမ်ိဳးတစ္မ်ိဳးရဲ႕ ယဥ္ေက်းမႈအဆင့္အတန္း ဂုဏ္သိကၡာကိုပါ ထိခိုက္ေစတာမို႔ အင္မတန္ စိတ္ထိခိုက္စရာေကာင္းပါတယ္။ အဲဒီလို စကားသံုးေတြထဲကမွ က်မ သိသိသာသာ သတိထားမိလာတဲ့ သတင္းတခ်ိဳ႕ထဲက စကားသံုးတစ္ခုကို ေျပာျပခ်င္ပါတယ္။ အဲဒါကေတာ့ မုဒိမ္းမႈ(Rape Case) ကို သားမယားျပဳက်င့္မႈ.. လို႔ သံုးေနၾကတာပါ။ အဘိဓာန္မွာ Rape ကို အစိုးရထုတ္ အဂၤလိပ္-ျမန္မာအဘိဓာန္မွာ မုဒိမ္းက်င့္သည္ လို႔ အနက္ဖြင့္ထားတာ ျပပါတယ္။ Rapist ကိုဆို မုဒိမ္းကာင္.. လို႔ေတာင္ ရင့္ရင့္သီးသီး တိတိက်က် အနက္ဖြင့္ပါတယ္။ သားမယား ဆိုတဲ့ ေဝါဟာရကိုလည္း Family (မိသားစု) လို႔ အနက္ဖြင့္ထားပါတယ္။ ဒီလိုဆိုေတာ့ သားမယား ျပဳက်င့္မႈ လို႔ သံုးတာက မိသားစုဆက္ဆံေရးတစ္ခုအျဖစ္ ပံုေဖာ္တဲ့သေဘာေဆာင္ေနပါတယ္။ ဒါျဖင့္ အဓမၼ အႏိုင္က်င့္တဲ့ ကိစၥကို ဘာလို႔ သားမယားျပဳက်င့္ တယ္ လို႔ ဘာေၾကာင့္သံုးသလဲဆိုတဲ့ ေမးခြန္း ထြက္လာ ပါတယ္။ ခက္တာက ဘယ္အဘိဓာန္မွာမွ မရွိတဲ့အသံုးကို ဘယ္သူက ဘယ္လိုရည္ရြယ္ခ်က္နဲ႔ ဘာေၾကာင့္ စသံုး လိုက္တယ္ ဆိုတဲ့အစ ရွာမရတာပါပဲ။ ဒီအဓိပၸါယ္အရေတာ့ ျမန္မာအမ်ိဳးသားမ်ား.. လင္ေယာက်္ားမ်ားဟာ ကိုယ့္အိမ္သူဇနီးကို အဲဒီလို အႏိုင္က်င့္ အၾကမ္းဖက္ ျပဳမူ ဆက္ဆံ သလား.. အဲလို ထံုးစံရွိသလား.. အဲသလိုေရာ ခြင့္ျပဳထားသလား။ အဲလို အေလ့အထ ရွိလို႔ပဲ မတရားသျဖင့္ ရိုင္းရိုင္းစိုင္းစိုင္း အႏိုင္က်င့္ ေစာ္ကားတဲ့ ကိစၥကို .. အဲလို ပံုမွန္သေဘာ နဲ႔ သားမယားလို ဆက္ဆံတယ္လို႔ ခိုင္းႏိႈင္း တာလား ဆိုတဲ့ ယဥ္ေက်းမႈထံုးတမ္းဆိုင္ရာေမးခြန္းေတြ ေမးစရာ ရွိလာပါ တယ္။ ဒီလိုသာ အဓမၼအႏိုင္က်င့္ဆက္ဆံတာကို သားမယားျပဳက်င့္တယ္လို႔ ဆိုလိုက္မယ္ဆိုရင္ ဒါဟာ ကိုယ့္အေမ အပါအဝင္ အမ်ိဳးသမီးေတြ ရဲ႕အဆင့္ကို ႏွိမ့္ခ် ေစာ္ကားလိုက္တာနဲ႔ အတူတူပဲ ျဖစ္ပါတယ္။ ဒါထက္ ပိုတာ ကေတာ့ အဓမၼက်င့္မႈရဲ႕ ျပင္းထန္မႈဒီဂရီကိုပါ ေလ်ာ့က်သြားေစတဲ့ အဓိပၸါယ္မ်ိဳး သက္ေရာက္ေနေစတာပါပဲ။ အဲဒီေနာက္ဆက္တြဲမွာေတာ့ လင္ေယာက်္ားက ဆက္ဆံတာ နဲ႔ မုဒိမ္းေကာင္က ျပဳက်င့္တဲ့ အဓမၼမႈဟာ အတူတူပဲလို႔ အဓိပၸါယ္ ေပါက္သြားပါတယ္။ ဒါဆိုရင္ မုဒိမ္းမႈ ဟာ အဓမၼမႈ ေျမာက္ပါဦးမလား။ သိပ္ကို ရွင္းတဲ့အေျဖပါ။ ဒါကို ဘာျဖစ္လို႔ Rape Case ကို သားမယားျပဳက်င့္မႈ လို႔ သံုးေနတာပါလဲ။  အဓိပၸါယ္ တခုရဲ႕ ေလးနက္မႈကို ဂရုမစိုက္တာလား။ ၾကီးေလးမႈ ကို ေပါ့ေလ်ာ့ေစခ်င္တာလား အထိ ေတြးစရာ ျဖစ္ေန ပါၿပီ။ ဒါေၾကာင့္ Rape Case ကို မုဒိမ္းမႈ ၊ အဓမၼက်င့္မႈ လို႔ သံုးရမယ့္အစား သားမယားျပဳက်င့္မႈ လို႔ သံုးေန တာကို ကန္႔ကြက္ရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ကၽြန္မကေတာ့ Rape ကို သားမယားျပဳက်င့္တယ္လို႔ သံုးတဲ့သူေတြကို ေမးခ်င္ပါတယ္။ ခင္ဗ်ားတို႔ ဇနီးမယားေတြကို အလိုမတူဘဲ အဓမၼဆက္ဆံၾကသလား… ဆိုတဲ့ ေမးခြန္းပါ။ ေမၿငိမ္း စက္တင္ဘာ၊ ၂၀၁၉။

A d v e r t i s e m e n t With Us

More News
Up