ဆီးဂိမ်းအတွက် တရုတ်နည်းပြများ မြန်မာကို ရောက်ရှိ

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အတွက် မြန်မာအားကစားသမားတွေကို ကူညီပေးဖို့ တရုတ်နိုင်ငံက နည်းပြ ၂၆ ဦး ရန်ကုန်ကို ဒီကနေ့ ရောက်ရှိလာပါတယ်။ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ရေကူး၊ ဒိုင်ဗင်၊ စက်ဘီး၊ ကျွမ်းဘား၊ သေနတ်ပစ်၊ ပြေးခုန်ပစ်၊ ကနုကယက်နဲ့ အနောက်တိုင်းလှေ၊ လက်ဝှေ့၊ ဘတ်စကတ်ဘော၊ ၀ူးရှုး စတဲ့ အားကစားနည်း ၁၁ မျိုးအတွက် နည်းပြ ၂၆ ဦး ရောက်ရှိလာတာလို့ အားကစားဝန်ကြီးဌာနလက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြောပါတယ်။ ၂ နိုင်ငံ ချစ်ကြည်ရေး အတွက် တနှစ် လာရောက်ကူညီတာ ဖြစ်ပြီး ဆီးဂိမ်းမှာ မြန်မာ အားကစားအသင်း အနေနဲ့ အောင်မြင်မှုတွေ ပိုမို ရရှိနိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။ “အားကစားနည်း ၁၁ နည်းအတွက် နည်းပြ ၂၆ ယောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအနေနဲ့ ၁ နှစ် လာရောက်ကူညီ ဆောင်ရွက်ပေးတာပါ။ အခုလာတဲ့ နည်းပြတွေက အဆင့်မြင့်နည်းပြတွေဖြစ်ပါတယ်။” အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၁၉၅၉ ခုနှစ်က အရှေ့တောင်အာရှ ကျွန်းနိုင်ငံများ ပြိုင်ပွဲ (SAPG) အနေနဲ့ ၂ နှစ် ၁ ကြိမ် စတင်ကျင်းပခဲ့ပါတယ်။ စတင်ကျင်းပတဲ့နှစ်မှာ မြန်မာက ဒုတိယ ဆုတံဆိပ် အများဆုံး ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၁၊ ၁၉၆၉ ခုနှစ်တွေမှာ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ဆုတံဆိပ် အများဆုံး ရရှိခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အဖြစ် အမည်ပြောင်းလဲ ကျင်းပခဲ့တာဖြစ်ပါတယ်။  အဲဒီနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာက အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပတာ ဖြစ်ပါတယ်။ အရင်နှစ်ကတော့ အင်ဒိုနီးရှားနိုင်ငံက ဒီအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up