Home
ဆွေးနွေးခန်း
မ၀င်းမော်ဦးအကြောင်း ရုပ်ရှင်ကားဖန်တီးမည့် ဒါရိုက်တာ၏ ဖွင့်ဟချက်
DVB
·
December 26, 2012
[caption id="attachment_34720" align="alignright" width="150" caption="မ၀င်းမော်ဦး"][/caption] အဘ ဦးဝင်းကြု၊ အမိ ဒေါ်ခင်ဌေးဝင်း တို့က ၁၉၇၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ယောက်အနက် သမီးအကြီးဆုံး ဖြစ်တဲ့ မ၀င်းမော်ဦးဟာ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် နေထိုင်ခဲ့ပြီး အမှတ် ၄ အလယ်တန်းကျောင်းမှာ ၈ တန်း ပညာသင်ကြားခဲ့ပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ကျောင်းသားသမဂ္ဂမှာ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့မှာ ဒီမိုကရေစီရရှိရေးအတွက် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေနဲ့အတူ လက်တွဲပြီး ချီတက်ဆန္ဒပြခဲ့ပါတယ်။ မ၀င်းမော်ဦးဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ကိုင်ဆောင်ချီတက်ဆန္ဒပြရင်း ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်အရောက်မှာ စစ်အာဏာရှင်တွေရဲ့ လူမဆန်စွာ ပစ်ခတ်မှုကြောင့် ကျည်ဆန် ထိမှန်ပြီး ၁၉-၉-၈၈ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်ဆေးရုံကြီးမှာ ကျဆုံးခဲ့ပါတယ်။   [caption id="attachment_34721" align="alignleft" width="150" caption="ဒါရိုက်တာ အဏ်ထော်နီ"][/caption] မ၀င်းမော်ဦးရဲ့အကြောင်း ရုပ်ရှင်ကားအဖြစ် ဖန်တီးမယ့် ဒါရိုက်တာ အဏ်ထော်နီရဲ့ ဖွင့်ဟချက်____ “ဒီဗွီဘီရုပ်သံဋ္ဌာနမှာ မ၀င်းမော်ဦးရဲ့ အရုပ်ကို ကျနော် မကြာ မကြာ တွေ့တယ်။ တွေ့လိုက်ရတဲ့အချိန်မှာ သူ့ကိုတွဲထားသူ ၂ ဦးက ကိုထူးအိမ်သင်နဲ့ ကိုကိုင်ဇာဆိုပြီး တထစ်ချ ယုံကြည်ထားပြီး ကိုယ့်အနုပညာသမားတွေ ပါဝင်ကူညီခဲ့တဲ့ မ၀င်းမော်ဦးရဲ့ အဖြစ်အပျက်ကလေးကို ကိုယ်က စိတ်ဝင်စားတာပေါ့။ ဒီနေ့ ထင်သာမြင်သာရှိတဲ့အချိန်ကျတော့ ကိုထူးအိမ်သင်၊ ကိုကိုင်ဇာတို့ မဟုတ်ဘဲနဲ့ ဆရာဝန် ၂ ယောက်ဖြစ်နေတာ သွားသိလိုက်ရတယ်။ ၈၈ ဇာတ်လမ်းတွေရေးကြ ၀တ္ထုတွေထွက်လာကြ၊ ထွက်လာလာချင်းမှာ တယောက်ပြီးတယောက် ကျနော်တို့ အနုပညာသမားတွေ ၀ယ်ပြီး ဇာတ်လမ်းတွေ ရိုက်ဖို့ ဖန်တီးနေကြတာတွေ အသံတွေကြားရတယ်။ ကျနော်တို့ အနုပညာညီအကိုမောင်နှမတွေ စီစဉ်နေကြတဲ့အချိန်မှာ ကျနော်နဲ့ တက်တက်စင်အောင် တိုက်ဆိုင်ပြီးမှ လွဲခဲ့ရတဲ့ မ၀င်းမော်ဦးရဲ့ ဇာတ်လမ်းလေးကို ဘယ်သူမှ ကိုင်တွယ်တာလည်း မကြားရဘူး။ အဲအချိန်မှာ မထင်မှတ်ဘဲ ကျနော့်စိတ်က ငါလည်း တချိန်တခါတုန်းက ကျနော်တို့လည်း ၈၈ တုန်းက ကျနော်တို့ရွာကနေ ပါဝင်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့ ၈၈ လူငယ်တွေဖြစ်တော့ ငါတို့လည်း ဒီတာဝန်ကို အနုပညာသမားတယောက်ဖြစ်တဲ့အချိန်မှာ ငါကျေအောင်တော့ ပါဝင်သင့်တယ်ဆိုပြီး မ၀င်းမော်ဦးရဲ့ဇာတ်လမ်းလေးကို ရိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ “ကျနော် မ၀င်းမော်ဦးရဲ့ ပြီးခဲ့တဲ့ ၂၄ နှစ်ပြည့် မဖြစ်ခင်လေးမှာကို သူတို့ကို သွားတွေ့ချင်တဲ့ ဆန္ဒတွေဖြစ်နေတယ်။ အဲမှာ ကျနော့်ကို ပို့ပေးမယ် ပို့ပေးမယ် ဆိုတဲ့ ဂျာနယ်က ဆရာတယောက်က အဲပွဲသွားတက်မယ်ဆိုပြီး မထင်မှတ်ဘဲ သွားမတက်ဖြစ်လိုက်ဘူး။ နောက် မ၀င်းမော်ဦးရဲ့အဘွားတွေအိမ်ကိုသိတဲ့ သတင်းထောက် ညီလေး ၁ ယောက်က လိုက်ပို့ပေးမယ်ဆိုတာနဲ့ အဘွားအိမ်ကိုရောက်သွားတယ်။ အဘွားတွေကလည်း ကျနော်ဟာ ရုပ်ရှင်ဒါရိုက်တာတယောက်အနေနဲ့ မ၀င်းမော်ဦး ဇာတ်လမ်းလေးကို စိတ်ဝင်စားလို့ လာခဲ့တယ်ဆိုတော့ သူကလည်း လှိုက်လှိုက်လှဲလှဲပါပဲ။ ကြိုဆိုပါတယ်။ သူတို့အဖေကိုလှမ်းခေါ်ပြီးတော့ ကျနော်နဲ့တွေ့လိုက်တော့ မိဘတွေကလည်း ၀မ်းပန်းတသာပေါ့နော်။ အဲမှာ စကားထိုင်ပြောဖြစ်ရင်းနဲ့ သိချင်တာလေးတွေ သိခဲ့ရတယ်။ ကိုယ်ကဇာတ်လမ်းဖွဲ့ရတော့မှာကိုး။ “မိသားစုကိုလည်း ကျနော်လောလောဆယ်ပါသွားတာလေးနဲ့ ပံ့ပိုးပေးပြီး သိချင်တာလေးတွေ ပြောတယ်။ အဲနေ့က မော်နီတာဂျာနယ်က သတင်းထောက်လည်း ပါလာပြီး ဒါရိုက်မယ်ဆိုတဲ့ ဒါနဲ့ပတ်သက်တဲ့ သတင်းကို စတင်လိုက်တယ်။ “ကျနော် ဘယ်လို ဇာတ်လမ်းဇာတ်အိမ်ဖွဲ့လဲဆိုတော့ မ၀င်းမော်ဦးရဲ့ ဇာတ်လမ်းလေးကို ဒီနှစ် ၂၄ နှစ်ပြည့်မတိုင်ခင် ဂျာနယ်တွေမှာ သူ့မိဘဖြေထားတာတွေ ဂျာနယ်တွေမှာဖတ်လိုက်ရတော့ ကျနော် အရမ်းစိတ်မကောင်းဖြစ်သွားတယ်။ မ၀င်းမော်ဦးပြောခဲ့တဲ့ စကားလေးကို ရှင်းရှင်းပြောရရင် ရင်ထဲကို အရမ်းခံစားရအောင် လှုံ့ဆော်ခဲ့တယ်။ သူပြောခဲ့တဲ့ စကားလေးကိုက ‘သမီးတို့တောင့်တတဲ့ ဒီမိုကရေစီ အစစ်အမှန် မရမချင်း သမီးနာမည်ခေါ်ပြီး အမျှမဝေပါနဲ့အဖေတဲ့။ ဒီကတိ အဖေ ပေးနိုင်မလားဆိုတော့ သူ့အဖေကလည်း သူ့အတွက်မဟုတ်ဘူးလေ။ ဒါတိုင်းပြည်နဲ့လူမျိုးအတွက်ဆိုတော့။’ သူဟာ သူ့ကိုယ်သူသေတော့မယ့်သူဆိုတာ သိနေတာတောင် ဒီကတိရအောင်တောင်းသွားတဲ့ ကျောင်းသူအာဇာနည်သူရဲကောင်း မိန်းကလေးတယောက် ပြောခဲ့တဲ့ စကားနဲ့ ဒီဇာတ်လမ်းလေးကို ကျနော်က အရမ်း---။ အဖွင့်ဇာတ်ဝင်ခန်းကို သူ့ရဲ့ အစ ချီတက်တာလာတွေ၊ သူထိတာတွေ၊ သူ့ကိုဆေးရုံကိုသယ်လာတာတွေ၊ သူ့ကိုခွဲစိတ်တာ၊ သူ့အဖေနဲ့တွေ့တာတွေ၊ သူ့အဖေဆီက ကတိရပြီးတော့ မ၀င်းမော်ဦး သေဆုံးသွားတယ်။ “သေဆုံးတဲ့အချိန်မှာ ဆေးရုံကခွဲစိတ်ပေးတဲ့ ဆရာဝန်ကြီးနဲ့ သူ့အဖေနဲ့ ပြောတာဆိုတာတွေ။ နောက် မ၀င်းမော်ဦးရဲ့ အဘွား ကြည့်မြင်တိုင်မှာ ရှိတယ်လေ။ သူ့အဖေက အဘွားကို ပြန်သတင်းပို့ပြီး သမီးကိုသယ်ချင်တဲ့အကြောင်းတွေ ပြောတယ်။ အဲအချိန်မှာ ကြည့်မြင်တိုင်ကျောင်းသားတွေကလည်း မ၀င်းမော်ဦး ထိတယ်၊ သေတယ်ကြားတဲ့အချိန်မှာ အိမ်ကိုသတင်းလာမေးရင်းနဲ့ သူတို့တွေလည်း ရင်ထဲမှာ ခံပြင်းတာပေါ့။ အိမ်မှာလည်း နည်းနည်း ဆူဆူဖြစ်လာနိုင်တာတွေဖြစ်တော့ ဆရာဝန်ကြီးက တားတယ်၊ မယူသွားပါနဲ့။ တချိန်တခါကျ အထောက်အထားလေးလည်းဖြစ်အောင် သေစာရင်းမှတ်တမ်း ပေးချင်တယ်လို့ ပြောတော့ အဘွားကိုလည်းပြောတော့ ကဲဟုတ်ပြီ ထားခဲ့ပါဆိုတော့၊ ထားခဲ့ပြီး နောက်နေ့လာထုတ်တော့ အဲမှာလည်း အခက်အခဲလေးတွေ ရှိတယ်။ ဆေးရုံကြီးမှာ သူ့အဖေ သွားထုတ်တော့ ထုတ်မရဘူး။ အဲအချိန်မှာ တပ်က လုံခြုံရေးတွေယူထားတဲ့အချိန်မှာ ဒါဘာနဲ့သေလဲမေးတယ်။ အဲအချိန်မှာ သားသမီးချင်း ကိုယ်ချင်းစာတဲ့ ဆရာဝန်တယောက်ကလည်းပဲ တကယ်က ဒီကလေးက သေနတ်ထိပြီး သေထားတဲ့ကလေး ဆိုတာသိတယ်။ ဒါပေမယ့် သနားပြီး အရိုးရောဂါနဲ့ ရိုးရိုးတန်းတန်းသေတာပါဆိုပြီး၊ တကယ်က သေနတ်ခြေထောက်ကိုထိလိုက်တော့ ကျည်ထိထားတဲ့ ဒဏ်ရာတွေလည်းရှိတယ်။ အရိုးရောဂါနဲ့သေတယ်ဆိုမှ ထုတ်ခွင့်ရလိုက်တာ။ “ကြံတောမှာ သင်္ဂြိုဟ်ဖို့ကိုလည်း တော်တော်ရင်ဆိုင်ရတာ၊ ခိုးဆိုးလုယက်နေတဲ့ လူမိုက်တွေရဲ့ အန္တရာယ်ကိုလည်း နိုင်တဲ့ ခေါင်းဆောင်ကို သွားချဉ်းကပ်ရတယ်။ အဲနယ်မြေမှာ သင်္ဂြိုဟ်ဖို့အတွက် ဘော်ဒီသယ်လာဖို့ ထားဖို့ အခက်အခဲလေးတွေ တွေ့ရတယ်။ “မ၀င်းမော်ဦးကို ထုတ်လာတဲ့အချိန်မှာ သူ့ကိုလွှားထားတဲ့ ပိတ်ဖြူမှာ သွေးစွန်းတာကို ရဲဘော်တယောက်က တွေ့သွားပြီး ဒီဘော်ဒီ မထုတ်နဲ့ဦးဆိုပြီး လှမ်းတားတယ်။ ရေခဲတိုက်ထဲကထုတ် ရေမိုးချိုးထုတ်ထားပြီးမှ လှမ်းတားပြီး ကမန်းကတမ်းနဲ့ ရဲဘော်က သူ့အရာရှိကို သွားသတင်းပို့တော့ ရေခဲတိုက်ထဲကလူတွေက သားသမီးချင်းကိုယ်ချင်းစာနာတဲ့စိတ်တွေနဲ့ ဘယ်လိုကူညီလဲဆိုတော့ မ၀င်းမော်ဦးရဲ့ ဘော်ဒီကို ချက်ချင်း သွားဖွက်လိုက်ပြီး အဲအချိန်အခါက ဒလဘက်ခြမ်းကသေသွားတဲ့ ရဲမေတယောက်ရဲ့ ဘော်ဒီကို အသာလေး ဆွဲထုတ်ပြီးတော့ ခုနက ပိတ်ဖြူနဲ့ ပြန်အုပ်လိုက်တယ်။ ရဲဘော်ကလည်း သွေးစွန်းနေတဲ့ ပိတ်ဖြူကိုတွေ့ထားတာဆိုတော့ အရာရှိလာပြီး လှန်ကြည့်တော့ ဒါ ဒလကရဲမေပဲ ပေးထုတ်လိုက်ဆိုပြီး ပေးသင်္ဂြိုဟ်လိုက်တော့မှ ဒါ ရေခဲတိုက်က ၀န်ထမ်းတွေကောင်းလို့ မ၀င်းမော်ဦးရဲ့ ဘော်ဒီကို ဒလက ရဲမေနဲ့ လဲပေးလိုက်လို့ အဲ့ပြဿနာက ပြီးသွားတာ။ မလဲပေးခဲ့ရင် မ၀င်းမော်ဦးတို့အဖေတွေရော၊ ရေခဲတိုက်ကလူတွေပါ အဲနေရာမှာတင် ပြဿနာအကြီးအကျယ်တက်မှာ။ ဒါလေးတွေဟာ ပရိသတ်အတွက် စိတ်လှုပ်ရှားစေမယ်၊ ကျနော်ကြားလိုက်ရတဲ့လူတောင် ရုပ်ရှင်ဆန်ဆန် သဲထိတ်ရင်ဖိုတွေဖြစ်ခဲ့ရတာ။ ဒါလေးတွေကိုလည်း ဒါတကယ့်အဖြစ်အပျက် အမှန်ဖြစ်လို့ ဒါလေးတွေကိုလည်း ကျနော်တင်ပြမယ်။ “သူ့ရဲ့မောင်လေးတွေ ညီမလေးတွေကို သူ ၈ တန်းကျောင်းသူဖြစ်ပေမယ့် သူကိုယ်တိုင်စာသင်တယ်။ သူကိုယ်တိုင်လည်း ပညာတတ်ဖြစ်ချင်တယ်။ သူကိုယ်တိုင် ပညာတတ်တွေ ဖြစ်စေချင်တဲ့အတွက် ညီမလေးတွေ၊ မောင်လေးတွေကို စာသင်တာ။ ဆိုတော့ မ၀င်းမော်ဦး သေဆုံးသွားတဲ့နောက်မှာ သူ့ရဲ့ မိသားစုက သူဖြစ်ချင်တဲ့ အရာတခု မရောက်ခဲ့တာ သွားတွေ့ရတယ်။ အဲဒါလေးကိုလည်း ကျနော်က ပညာပေးချင်တာ။ ကျနော်တို့တိုင်းပြည်မှာ ပညာတတ်တွေ အရမ်းလိုတယ်၊ အရေးကြီးတယ်။ တယောက်ခြေချော်ရင် နောက်ကလည်းလိုက်ပြီး ခြေချော်ပြီး မိသားစုပါ ကြည့်မြင်တိုင်မှာ နေခဲ့ရတဲ့ဘ၀ကနေ အဆင့်ဆင့် ဟိုး တဲစုတ်တွေဘ၀ကို အဆင့်တွေကို ကျနော် ပညာပေးချင်တယ်။ ဘာလို့လဲဆိုတော့ ပညာရေးမဏ္ဍိုင်တခုကိုလည်း ကျနော်တို့ တိုင်းပြည်အတွက် နောင်တချိန်မှာ ဒီလိုကြုံဆုံခဲ့ရင် သတ္တိရှိရှိနဲ့ ရင်ဆိုင်ပြီး မိသားစုအတွက် ဆက်လက်တိုက်ပွဲဝင်ပြီး ပညာတတ်တွေ မွေးဖွားပေးစေချင်တယ်။ “ဒါတွေကို ကျနော်တို့ ရုပ်ရှင်သဘောအရ ပရိသတ်လည်း ရင်ထဲပိုရောက်အောင် တဖြည်းဖြည်း တဆင့်ချင်း ကျနော်တင်သွားမယ်။ ဒါတွေကို တင်ရင်း သူတို့ရဲ့ ဖြတ်သန်းလာတဲ့ ၂၄ နှစ်ကို သတိရခြင်းများနဲ့ တဖြည်းဖြည်း တဆင့်ပြီးတဆင့် ၂၄ နှစ်ကို ရောက်လာတယ်ပေါ့။ ကျနော်ဆိုလိုချင်တဲ့ နောက်ဆုံး အိုင်ဒီယာကတော့ “သမီးတို့ တောင်းထားတဲ့ ဒီမိုကရေစီအစစ်အမှန်ရမှ သမီးနာမည်ခေါ်ပြီး အမျှဝေပါ” လို့ မ၀င်းမော်ဦးက ပြောထားတော့ သူတို့က ၂၄ နှစ်အထိ အမျှမဝေသေးဘူး။ ဒါပေမယ့် ကျနော့်ရုပ်ရှင်သဘောအရ ၂၅ နှစ်ပြည့်အခမ်းအနားကြီးကို ဇာတ်သိမ်းတာကို ကျနော်ဖြစ်ချင်တယ်။ ရေစက်လေးချပြီးတော့ အားလုံးက မျက်ရည်လေး စို့ပြီးတော့ မ၀င်းမော်ဦးကို ရေစက်ချရင်းနဲ့ အမျှအတမ်းပေးဝေရင်းနဲ့ ဒီဇာတ်လမ်း ဒီအခမ်းအနားကို သိမ်းမှာပေါ့နော်။ ဒါပေမယ့် ကျနော်ပြောတဲ့ ခေါင်းစဉ်နဲ့ အဲတခုတော့ ငြိနေတယ်။ ဘာလို့ဆိုတော့ သူပြောတာက ဒီမိုကရေစီအစစ်အမှန်ရမှ သမီးတို့တောင်းတာ ဆိုတော့ ရောက်မရောက် ကျနော်တယောက်တည်းနဲ့ yes or no ကျနော်တယောက်တည်းနဲ့ မဆုံးဖြတ်နိုင်ဘူး။ သူ့မိဘတွေက ခွင့်ပြုပြီး ကျနော်က ရေစက်ချ အခမ်းအနား ဇာတ်သိမ်းကို အဲလိုပုံစံမျိုးလေး ရိုက်ချင်တယ်။ သူတို့ကလည်း ဒီ ၂၅ နှစ်ပြည့်အခမ်းအနားအမီ ဒီဟာကိုလည်း တတိုင်းပြည်လုံးက၊ တကမ္ဘာလုံးက ပြည်သူတွေ ကြည့်ဖြစ်သွားအောင် ကျနော်က လုပ်ချင်တော့ ကြိုပြီး ရိုက်ရမယ်။ ကျနော်တယောက်တည်း ဆုံးဖြတ်ရင် မှားသွားမှာ ကြောက်တဲ့အတွက် ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ တကယ့်ပုဂ္ဂိုလ်ကြီးတွေ၊ ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့တွေနဲ့ ကျနော် တိုင်ပင်မှာပါ။ တိုင်ပင်ပြီး ရုပ်ရှင်အရ တကယ့်ဖြစ်ရပ်မှန်ကို အနုပညာသမားတယောက်အနေနဲ့ မှတ်ကျောက်တင်ပြီး ကျန်ခဲ့အောင် ကျနော် သမိုင်းမှတ်တိုင် ထူပေးမှာ။ “တိုင်းပြည်မှာ ရှိတဲ့ သန်း ၆၀ ကျော်သော ပြည်သူတွေကို- လက်တောင်မှ ၅ ချောင်း မညီသလို တချို့ကလည်း ဒီမိုကရေစီ ရပြီးပြီလို့ ထင်သလို တချို့ကလည်း မရသေးဘူးလို့ ထင်နေတဲ့သူတွေလည်း ရှိတယ်။ ဒါကတော့ ကျနော်တို့ လူကြီးတွေရဲ့ ခွင့်ပြုမှုအပေါ်မူတည်ပြီး သူ့ရဲ့ ၂၅ နှစ်ပြည့် အခမ်းအနားလေးကို စည်စည်ကားကားလေးနဲ့ ပြည်သူတွေလည်း ကြည့်ပြီး ဒီပွဲလေးကို ကျနော်တို့ကိုယ်တိုင်လည်း ဦးစီးပြီး ဒီအခမ်းအနားလေးကို လုပ်နိုင်အောင်၊ သူ့မိသားစုအပေါ်ကိုလည်း ပြည်သူတွေပါပြီး ပံ့ပိုးပေးနိုင်အောင် လှုံ့ဆော်တဲ့သဘောမျိုးနဲ့ လုပ်ချင်တာပါ။ “မ၀င်းမော်ဦး ဒီစကားလေးပြောတဲ့ နေရာမှာ ပံ့ပိုးရမယ့် အဖေနေရာဟာ အရမ်းအရေးကြီးတာ။ ကျနော်က တကယ့်သရုပ်ဆောင်နိုင်တဲ့၊ အချိန်ပေးနိုင်တဲ့ လူတယောက်။ အမေနေရာလည်း အဲလိုပဲ အချိန်ပေးနိုင်တဲ့ လူတယောက်။ ကျနော် ဒီကားကို ရိုက်တဲ့အချိန် သူတို့နဲ့ တကယ့် စာချုပ်ချုပ်ပြီး ကျနော်လုပ်မယ်။ ကျနော့်ကို သုံးလ။ ကျနော် ဘယ်အချိန်ခေါ်ခေါ် ရိုက်ပေးနိုင်ရမယ်။ ငွေရေးကြေးရေးကို မကြည့်ဘဲနဲ့ စိတ်ဓာတ်ရေးရာအရ၊ အမျိုးသားရေးရာအရ ဒီဟာကို ပုံဖော်ပေးချင်တဲ့ လူတွေနဲ့ပဲ ကျနော် လက်တွဲပြီး အလုပ်လုပ်သွားမယ်။ “အခုက မူ ၂ ခု ရှိနေတယ်။ ရုပ်ရှင်ရိုက်မယ်၊ ဒီဗွီဒီရိုက်မယ်ဆိုရင် ဒီ ၂ ခုကို ကျနော်တို့က ဇာတ်လမ်းခန်းစဉ် တင်ရတယ်။ ကျနော့်ဘက်က ရိုးသားမှုအပေါ် မူတည်ပြီး နိုင်ငံတော် လူကြီးတွေကို မလိမ်ချင်ဘူး၊ မညာချင်ဘူး။ ကျနော် ဇာတ်လမ်းအချောပြီးရင် ဒီအတိုင်း ဒီအတိုင်း ရိုက်မယ်၊ ဒီစကားလုံးအတိုင်း ဒီစကားလုံးအတိုင်း ရိုက်မယ်ဆိုပြီး အကုန်လုံး အချော နိုင်ငံတော်လူကြီးတွေနဲ့ သမ္မတအထိ တင်ပြမယ်။ တင်ပြတာအပေါ်မှာ သူတို့က ခွင့်မပြုဘူးဆိုရင် ရှိနေတဲ့ မူအတိုင်း ဗွီဒီယိုဆို ဇာတ်မတင်ရဘူး၊ ကျနော်တို့ ဗွီဒီယိုနဲ့ပဲ ရိုက်ပစ်လိုက်မယ်။ ပြီးတော့ ကျနော်တိုင်းပြည်ကို ဗွီဒီယိုနဲ့ ဖြန့်ချပြီး ပြမှာပဲ။ “ကျနော်က ဒီအနုပညာလောကကို ၂၀၀၃ ခုနှစ် ၁၉ ဒီဇင်ဘာကတည်းက ရောက်လာတဲ့လူဆိုတော့ ၁၉-၁၉ ချင်းလည်း တိုက်ဆိုင်တယ်။ မ၀င်းမော်ဦးရဲ့ ဘ၀လေးကိုလည်း စိတ်ဝင်စားတယ်။ မ၀င်းမော်ဦး တိုက်ပွဲမှာ ဒဏ်ရာရတဲ့နေရာက ကုန်သည်လမ်းနဲ့ ဆူးလေဘုရားလမ်းထောင့် ဖြစ်နေတော့ အဲဒီနေရာကို နိုင်ငံတကာ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဓာတ်ပုံမှတ်တမ်းတွေ အရင်ရိုက်ယူမယ်။ ရိုက်ယူပြီး ခန်းမကျယ်ကျယ်နဲ့ ရိုက်လို့ရတဲ့ နေရာမျိုးမှာ ချီတက်ပြီး တည်းဖြတ်တဲ့အချိန်ကျမှ 3D ပုံစံမျိုးနဲ့ ကျနော် တာဝန်ယူမယ်။ နောက်တခု အရေးကြီးတာ ပါသေးတယ်။ ကြံတောသုသာန်။ အခုတော့ မရှိတော့ဘူး။ အဲဒီကြံတောသုသာန်ကြီးကို ကျနော်တို့က ဆက်တင်တွေ ပြန်လုပ်ပြီးတော့ ရိုက်ရမှာဖြစ်တယ်။ မ၀င်းမော်ဦးနဲ့ပတ်သက်တဲ့ ၈၈ က ဆက်တင်တွေကို တော်တော်များများ ယူရမှာဖြစ်တဲ့အတွက် ကျနော်တယောက်တည်းနဲ့ စွမ်းဆောင်လို့မရပါဘူး။ နိုင်ငံတကာ ပညာရှင်တွေနဲ့ လုပ်မှာဖြစ်တဲ့အတွက် ကျနော်တို့က အများပိုင် စပြီးလုပ်တဲ့ ရှယ်ယာစနစ်နဲ့ ကျနော်ဖြတ်သန်းမှာပါ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024