နိုင်ငံရေးအကျဉ်းသားဟောင်းများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဈေးရောင်းပွဲလုပ်
DVB
·
December 26, 2012
နိုင်ငံရေးအကျဉ်းသားဟောင်းများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဈေးရောင်းပွဲနဲ့ ပြခန်းတခုကို ဒီနေ့ညနေပိုင်းက ရန်ကုန် ပြည်သူ့ရင်ပြင်မှာ ပြုလုပ်သွားပါတယ်။
ဒီပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်အဖွဲ့က လုပ်ဆောင်တာဖြစ်ပြီး ပြခန်းကို အစိုးရ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးသမားတွေ ဘယ်လို ဖိနှိပ်ရက်စက်ခံခဲ့ရတယ်၊ တိုက်ပိတ်ထားတဲ့ပုံစံ ပြခန်းပြသတာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က နိုင်ကျဉ်းရေးရာ ကော်မတီ ဦးထွန်းကြည်က ပြောပါတယ်။
“ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့ နှစ်ပေါင်းမြောက်မြားစွာ ခြေကျင်းတွေနဲ့ သော့ပိတ်ထားတဲ့ တိုက်ကိုပါ ပါဖောမန့်အနေနဲ့ပြမှာ။ နိုင်ငံရေးသမားတွေသည်၊ နိုင်ငံရေးအကျဉ်းသားတွေသည် ထောင်ထဲမှာ တိုက်ပိတ်ပြီး ဒုက္ခသုက္ခတွေနဲ့ ဖြတ်သန်းလာခဲ့ရတဲ့အပေါ်မှာ ပေးချင်တဲ့ မက်ဆေ့ခ်ျက ကိုယ်ချင်းစာတရားတွေ၊ စာနာစိတ်၊ စာနာအသိတွေ ရှိစေချင်တယ်ဆိုတဲ့ အသိကို ပေးချင်တဲ့အတွက် ရည်ရွယ်ပြီး ပြခန်းပြသတာ ဖြစ်ပါတယ်။”
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ မိသားစုပြန်လည်ထူထောင်ရေးအတွက် တီရှပ်တွေ၊ လှုပ်ရှားမှုအခွေတွေနဲ့ တခြား နိုင်ငံရေးအကျဉ်းသားနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို ရောင်းချပြီး ရန်ပုံငွေ ရှာသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ စီးပွားရေးဘ၀၊ ကျန်းမာရေးဘ၀၊ လူမှုရေးဘ၀၊ ပညာရေးဘ၀တွေနဲ့ ပတ်သက်လို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ လိုအပ်ချက်လေးတွေ ရှိတယ်လေ။ ဒါကြောင့် တီရှပ်ရောင်းမယ်၊ လှုပ်ရှားမှုဆောင်ရွက်ချက်လေးတွေ အခွေထုတ်ရောင်းပြီး ရန်ပုံငွေ ရှာမယ်။ ရင်ထိုး၊ တံဆိပ်တို့၊ wallsheet တို့ ဈေးရောင်းမယ်။ ဘေးမှာတော့ ထောင်ထဲမှာနေခဲ့ရတဲ့ တိုက်ကို ပီပီပြင်ပြင် ပြသထားမှာဖြစ်တယ်။”
လက်ရှိ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ နီးပါး ကျန်ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပြောပါတယ်။