စိုင်းနော်ခမ်း သေဒဏ် အယူခံပယ်ချခံရ
DVB
·
December 26, 2012
သေဒဏ်ပေးခံထားရတဲ့ မြန်မာနိုင်ငံက မူးယစ်ရာဇာ စိုင်းနော်ခမ်းအပါအ၀င် ၆ ဦးရဲ့ အယူခံကို တရုတ် တရားရုံးတခုက ဒီနေ့ ပယ်ချလိုက်ပါတယ်။
စိုင်းနော်ခမ်း အပါအ၀င် ၆ ဦးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ထိုင်း-မြန်မာနယ်စပ် မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ တရုတ်နိုင်ငံမှာ တရားစွဲဆို အပြစ်ပေးခံထားရတာဖြစ်ပြီး သူတို့ထဲက ၄ ဦးကို သေဒဏ်ချမှတ်ထားတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စိုင်းနော်ခမ်းနဲ့ တရားစွဲခံထားရသူတွေက အပြစ်ကျူးလွန်ခြင်း မရှိကြောင်း တရားရုံးမှာထွက်ဆိုပြီး အယူခံဝင်ထားရာမှာ ယူနန်ပြည်နယ် ကူမင်းမြို့ ပြည်သူ့တရားရုံးက ဒီကနေ့ အယူခံပယ်ချကြောင်း ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
စိုင်းနော်ခမ်းကို ထိုင်း-မြန်မာ-လာအိုနဲ့ တရုတ်နိုင်ငံတွေက မူးယစ်ဆေးဝါးမှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှုတွေနဲ့ အလိုရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဧပြီလက လာအိုနိုင်ငံမှာ ဖမ်းဆီးရမိပြီးနောက် တရားစီရင်ဖို့ တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။