အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် လူငယ်တဦး သွေးအန်၍ အရေးပေါ်ဆေးရုံတင်ရ
DVB
·
September 13, 2019
အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ကျောင်းတောင်ကျေးရွာက အသက် ၂၀ အရွယ်ရှိတဲ့ ကိုစည်သူအောင် သွေးအန်လို့ စစ်တွေထောင်အချုပ်ကနေ စစ်တွေဆေးရုံကို အရေးပေါ်တင်လိုက်ရတယ်လို့ မိသားစုတွေက ဒီဗွီဘီကိုပြောပါတယ်။
ကိုစည်သူအောင်ဟာ စက်တင်ဘာလ ၁၂ ရက်နေ့က သွေးအန်လို့ အရေးပေါ် တင်လိုက်ရတာဖြစ်ပြီး သူဖမ်းဆီးခံရစဉ် စစ်ကြောရေးကာလမှာ တပ်မတော်ဘက်က ဖမ်းဆီးနှိပ်စက်တာတွေ ရှိခဲ့တယ်လို့ ကိုစည်သူအောင်ရဲ့ဖခင်ဖြစ်သူ ဦးမောင်သောင်းအေးက ပြောဆိုပါတယ်။
“ကျနော့်သားက စစ်ကြောရေးမှာ နှိပ်စက်ခံရတာ၊ လျှစ်စစ်တွေနဲ့တိုက်တယ်။ ကျောကုန်းတွေ၊ ရင်ဘတ်တွေကိုခြေထောက်တွေနဲ့ ကန်တယ်။ အဲ့ဒီစစ်ကြောရေးမှာ ရက်ပေါင်း ၄၀ ကျော်စစ်ဆေးခံပြီးနေခဲ့ရတယ်။ ပြီးတော့မြောက်ဦးမှာရော၊ စစ်တွေမှာရော အဲ့လို အရိုက်ခံရသေးတယ်။ အဲ့ဒီဒဏ်တွေကြောင့် သွေးအန်တာ၊ အခုမှအန်တာ မဟုတ်ဘူးပေါ့။ အရင်းကတည်းအန်နေတာ၊ အခုက အခြေနေဆိုးလာလို့” လို့ပြောပါတယ်။
ကိုစည်သူအောင် သွေးစလို့အန်တာဟာ ပြီးခဲ့တဲ့ ၂ ပတ်လောက်က စတင်ဖြစ်ပေါ်ခဲ့ တာဖြစ်ပြီး အခုအခြေအနေအရ စိုးရိမ်းလာတာကြောင့် ဆေးရုံတက်ဖို့ အရေးပေါ် လုပ်ဆောင်ရတာလို့ ဖခင်ဖြစ်သူကပြောဆိုပါတယ်။
စစ်ကြောရေးကာလမှာ ကိုစည်သူအောင်နှိပ်စက်ခံရတာနဲ့ပတ်သက်လို့ အနောက်ပိုင်း စစ်ဌာနချုပ် တိုင်းဦးစီးမှူးကြီးဝင်းဇော်ဦးက ဒီလိုဖမ်းဆီးချိန်မှာ တရားဥပဒေထက်ကျော်လွန်ပြီး လုပ်တာမရှိဘူးလို့ ပြောဆိုပါတယ်။
“ကျနော်တို့က အပြစ်မရှိတဲ့ ရွာသားတွေကို လိုအပ်လို့ ဖမ်းဆီးစစ်ဆေးမေးမြန်းတဲ့အပေါ်မှာ တရားဥပဒေကို လွန်ဆန်ပြီးတော့ လုပ်တာဘာတခုမှမရှိဘူး။ သူတို့ ဆေးရုံးတက်နေတာကြာနေပြီ၊ ကျနော်တို့ထုလိုထောင်းလို့ ဒဏ်ရာရတယ်ဆိုရင် အဲ့နေကတည်းတက်ပါလား။ ကျနော်တို့က ဥပဒေ နဲ့ ဆန့်ကျင်ပြီးလုပ်တဲ့ဟာ တခုမှ မရှိဘူး။ အရင်တုန်းကတော့ ဒဏ်ရာတွေရှိလို့ တက်ကောင်းတာ ဖြစ်မယ်။ အဲ့ဒါတော့ ကျနော်တို့ မပြောနိုင်ဘူး။ အဲ့ဒီစွပ်စွဲချက်လည်း မဟုတ်ဘူးလို့ပဲ ကျနော်ပြောချင်တယ်။”
ကိုစည်အောင်ရဲ့ဖင်ဖြစ်သူ ဦးမောင်သောင်းအေးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း သား ဖြစ်သူဟာ စိတ်ကစဉ့်ကလျားဖြစ်ပြီး အိပ်မရတာတွေ၊ အစားအသောက်မမှန်တာတွေ ရှိခဲ့တယ်လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။
ပြီးခဲ့တဲ့မတ်လ ၁၂ ရက်နေ့က ကိုအောင်စည်သူ အပါအဝင် မြောက်ဦးမြို့နယ် ကျောင်းတောင်နာရေးကူညီမှုအသင်းလူငယ် ၆ ယောက်ကို မင်းပြားမြို့နယ် ပန်းမြောင်းနားမှာ ရှိတဲ့ သပေါ့စာကျေးရွာက ငှက်ဖျားမိတဲ့ လူနာတဦးကိုကားနဲ့ တင်ဆောင်လာစဉ်မှာ တပ်မတော် စစ်ကြောင်းတခုက ဖမ်းဆီးခဲ့တာလို့ ဖခင်ဖြစ်သူကဒီဗွီဘီကိုပြောဆိုပါတယ်။
အဲ့ဒီတုန်းက ဖမ်းဆီးခံခဲ့ရတဲ့သူတွေကိုတော့ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က)နဲ့ ဖမ်းဆီးတရားစွဲဆိုထားဖြစ်ပြီး အခုအချိန်အထိ ၆ လ နီးပါးရှိလာပြီဖြစ်ပါတယ်။
ကိုစည်အောင်ရဲ့ဖင်ဖြစ်သူ ဦးမောင်သောင်းအေးက “မနေ့က ဆေးရုံးတက်တယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ ဆေးရုံးမှာ ဓာတ်မှန်ရိုက်ပါတယ်။ ရိုက်ပြီးတော့ သားကို ထောင်းကိုပြန်ပို့ လိုက်တယ်။ ဓာတ်မှန်အဖြေကတော့ မရသေးဘူး” လို့ပြောပါတယ်။
ဝဏ္ဏခွာညို