Home
ဆောင်းပါး
ခရစ္စမတ်ပွဲတော်- ခရစ္စမတ်နေ့နဲ့  မပျော်နိုင်တဲ့ ဒုက္ခသည်များ
နော်နိုရင်း
·
December 25, 2012
ချမ်းအေးလှတဲ့ ဒီဇင်ဘာဆောင်းရာသီ  ခုလိုချိန်ဟာ  ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထင်ကရ  ဘာသာရေးပွဲတော်တခု ဖြစ်တဲ့ ခရစ္စမတ် ပွဲတော်ရက် အချိန်အခါသမယ ကျရောက်ချိန်ဖြစ်ပါတယ်။ ဒီလိုအချိန် ဒီလိုနေ့ရက်တွေမှာ  ကမ္ဘာ့နိုင်ငံအတော်များများမှာ တရားဝင် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ထားပြီး ခရစ်ယာန်နိုင်ငံတွေမှာ  သာမက ကမ္ဘာ့တဝှမ်းရှိ     နိုင်ငံတွေက လူမျိုးအသီးသီးတို့ဟာ ခရစ်စမတ်ပွဲတော်ကို   ယဉ်ကျေးမှုအလိုက် ခရစ်တော်မွေးနေ့ကို ပုံသဏန်မျိုးစုံနဲ့ကိုယ်စီ ပါဝင်ဆင်နွှဲကြပါတယ်။ အထူးသဖြင့်  ဒီဇင်ဘာ ၂၄ ညသန်းခေါင်ကျော် ဒီဇင်ဘာ ၂၅ ထဲကို ၀င်တာနဲ့  ခရစ္စမတ်နေ့ ခရစ်တော်မွေးနေ့အစီအစဉ်တွေကို ကျင်းပကြပါပြီ။   ဒီဇင်ဘာ ၂၄ ရက် ည သန်းခေါင်ယံအချိန် ဆိုရင် ခရစ်ယာန်ဘာသာဝင်တွေဟာ ခရစ်တော်မွေးနေ့ကို ကမ္ဘာတ၀ှမ်းမှာ ကိုယ်စီ သခင်ယေရှုခရစ်တော်မွေးနေ့ကို ကြိုဆိုကြပါတယ်။ ကမ္ဘာတ၀န်းလုံးမှာ ခရစ္စမတ်ပွဲတော်ကျင်းပကျတဲ့အလျောက်  မြန်မာနိုင်ငံအနှံ့က ခရစ်ယာန်ဘာသာဝင်တွေကလည်း ခရစ်တော်မွေးနေ့ကို ကိုယ်စီ ကျင်းပနေကြပါတယ်။  အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ဒီကနေ့ညမှာ မန္တလေးမြို့က မန္တလေး Hill ဟိုတယ်က ခရစ္စမတ်ပါတီမှာ ဖျော်ဖြေတယ်လို့ ဖြူဖြူကျော်သိန်းရဲ့အမေက ပြောပါတယ်။ အဆိုတော်တဦးဖြစ်တဲ့ သန္တာဝင်းကတော့ ဒီကနေ့ သူ ခရစ်စမတ်ပွဲ ကျင်းပမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။ [caption id="attachment_24736" align="alignright" width="300" caption="ကချင်စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - ရိုက်တာ)"][/caption] “ဒီနေ့ညတော့ ဘုရားကျောင်းတက်မယ်။ မနက်ဖြန်မှာ ဖြူဖြူကျော်သိန်းလုပ်တဲ့ ချက်ထရီယမ်က Celebrities Christmas Night အစီအစဉ်သွားပါမယ်။ ခရစ္စမတ်ဆို မိသားစုတွေ ဆုံကြတယ်။ ဘုရားကျောင်းသွားကြတယ်။” ဒါပေမယ့် ခရစ်ယာန်ဘာသာဝင် အများစုဖြစ်တဲ့ ကချင်တိုင်းရင်းသားတွေကတော့ သူတို့ပြည်နယ်မှာ တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားနေတဲ့အတွက် ခရစ္စမတ်ကို စိတ်လွတ်လက်လွတ်နဲ့   မကြိုဆိုနိုင်ကြပါဘူး။ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ထွက်ပြေးခိုလှုံလာကြတဲ့ ကချင် ဒုက္ခသည်အများစုဟာ သူတို့ရွာတွေမှာ ခရစ္စမတ်ပွဲ ပြန်ကျင်းပချင်နေပေမယ့် မငြိမ်သက်တဲ့ စစ်ပွဲသံတွေကြောင့် ဖားကန့်က ဒုက္ခသည်စခန်းမှာပဲ လုပ်ဖို့ရှိတယ်လို့ ဖားကန်မြို့က ကတ်သလစ်ဘုန်းတော်ကြီးကျောင်းက ဆရာတော်တပါးဖြစ်တဲ့ ဆရာဂျာနော်က ပြောပါတယ်။ “ခရစ္စမတ်လုပ်မယ့် ကာလမှာ သေနတ်သံကြားရတော့ မသွားရဲဖြစ်ပြီး လူလည်း နည်းနည်းပဲရှိတယ်တဲ့။ အဲတော့ ဒုက္ခသည်စခန်းမှာပဲ ခရစ္စမတ် ဆုတောင်းပွဲပဲ စီစဉ်ရမယ်။ သူတို့အားငယ်တယ်တဲ့၊ စိတ်မငြိမ်းမချမ်း ခံစားရတယ်တဲ့။ ဘယ်တော့မှများ ငြိမ်းချမ်းမှာလဲပေါ့။ အမြဲ စစ်တလင်းဖြစ်နေတယ်ပေါ့။ အစစအရာရာ တွေးနေကြရတယ်။” အလားတူပဲ တရုတ်-မြန်မာနယ်စပ် မူဆယ်ခရိုင်အတွင်းမှာ ထွက်ပြေးခိုလှုံနေကြရတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေအနေနဲ့ သူတို့ဆီမှာ အကူအညီတွေမရောက်တဲ့အတွက် ခရစ္စမတ် ကျင်းပဖို့ အလှမ်းဝေးနေကြတယ်လို့လည်း ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးသူတဦးက ပြောပါတယ်။ “သူတို့ အိမ်ပြန်ချင်တယ်လေ။ ပြန်ချင်ပေမယ့် အဆင်မပြေတော့ ဖြစ်သလိုပဲ နေနေကြတယ်။ သူတို့စိတ်တော့ညစ်ကြတယ်။ တချို့ကလေးတွေဆိုလည်း မိုင်ဂျာယန်ဘက်မှာ ကျောင်းထားတယ်၊ အရမ်းငယ်တဲ့ကလေးတွေဆို သူတို့နဲ့ပဲ အတူနေကြတယ်။ သူတို့အတွက်က ထမင်းစားဖို့ ပို့ပေးထားတဲ့ ဆန်၊ ဆီ၊ ဆား ရှိတယ်၊ ဒါပဲ။ ဟင်းစားတွေမရှိတော့ နေ့စားအလုပ်လုပ်ရတယ်။ လာကူတဲ့သူကလည်း အမြဲမရှိဘူးလေ။ အခု ဆောင်းတွင်းမှာ အနွေးထည်နဲ့ စောင်တွေ၊ အိပ်ရာတွေ၊ ခေါင်းအုံးတွေလိုတယ်တဲ့။ ခရစ္စမတ်လည်း မကျင်းပရပါဘူး။” နှစ်စဉ်ဒီဇင်ဘာလ ရောက်တိုင်း ခရစ်ယာန်ဘာသာဝင်အများစုက ခရစ်စမတ်လဆိုပြီဆိုရင်း Sweet December ဟု ဆိုပြီး လူငယ်တွေ နေရာတကာမှာ စာတမ်းများရေးသားခြင်း၊ Carol Singing ဟု ဆိုပြီး ခရစ်တော်မွေးနေ့နဲ့ ပက်သက်တဲ့ တေးသီချင်းတွေကို လှည့်လည်သီဆိုရင်း ခရစ္စမတ်ကို ကျင်းပကြတာ ဖြစ်ပါတယ်။ နောက်လာမယ့်နှစ်တွေမှာ ကျရောက်မယ့် ခရစ်စမတ်ပွဲတော်ရက်တွေမှာတော့ ကမ္ဘာတ၀န်းလုံးက ခရစ်ယာန်ဘာသာဝင်တွေ လွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြရသလို မြန်မာပြည်တွင်းက ဒုက္ခသည်တွေလည်း စစ်ဘေးစစ်ဒဏ်တွေနဲ့ ကင်းဝေးပြီး ပူပင်သောက ကင်းစွာနဲ့ ခရစ်စမတ်ပွဲဆင်နွှဲလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အားလုံး ခရစ်စမတ်ရက်မှာ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024