ဆီးရီးယား လေကြောင်းတိုက်ခိုက်မှု လူ ၉၀ ခန့် သေဆုံး

ဒီဇင်ဘာ ၂၃ ရက်က ဆီးရီးယား အလယ်ပိုင်း ဟာမာခရိုင် မုန့်ရောင်းတဲ့နေရာမှာ လူတွေစောင့်ဆိုင်းနေတဲ့ အချိန်အတွင်း လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၉၀ လောက် သေဆုံးခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ စစ်ပွဲကာလအတွင်း အဆိုးဝါးဆုံး လေကြောင်း တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရ သတင်းတွေကတော့ အကြမ်းဖက်အုပ်စုတွေအပေါ်ကို ပြစ်တင်ပြောဆို စွပ်စွဲခဲ့ပါတယ်။ တိုက်ခိုက်ခံရတဲ့ ဟာလ်ဖာယာမြို့တော်မှာ သေဆုံးတဲ့လူ အရေအတွက် ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။ သေဆုံးတဲ့သူအရေအတွက်ကို မသိရသေးပေမယ့် အဲဒီ နေရာကို ရောက်သွားတော့ လူတွေ အစုလိုက်အပြုံလိုက် သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ မျက်မြင် သက်သေတဦးကို ကိုးကားပြီးတော့ သတင်းတွေမှာ ရေးပါတယ်။ အများစုကတော့ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံး ဒဏ်ရာရသူတွေကို စစ်ဆေးတာတွေ ဒေသခံတွေက လုပ်ဆောင်နေပါတယ်။ ဒီမြို့ကို သူပုန်တွေက ရက်အနည်းငယ်သိမ်းပိုက်ခဲ့ပါတယ်။ ဆီးရီးယားမှာ အစိုးရနဲ့ သူပုန်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီးတော့ ဒီပဋိပက္ခကြောင့် သောင်းနဲ့ချီတဲ့ လူတွေ သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up