ကရင်ကျေးရွာလူထုခေါင်းဆောင် အသတ်ခံရမှု သစ်တောဝန်ထမ်း ၄ ဦးအား ရာထူးမှရွှေ့ပြောင်း

ထိုင်းနိုင်ငံ အနောက်ပိုင်း ဖစ်ချ်ပူရီခရိုင် ကဲင်ကကျန်မြို့နယ်ထဲမှာ ၅ နှစ်ကျော် ပျောက်ဆုံးနေတဲ့ ကရင်ကျေးရွာလူထုခေါင်းဆောင် ၁ ဦးကို မီးရှို့ခံထားရတဲ့ အရိုးစုအဖြစ် ရှာဖွေတွေ့ရှိပြီးတဲ့နောက် ကဲင်ကကျန် - သစ်တောကြိုးဝိုင်းက သစ်တောဦးစီးအရာရှိ ၁ ဦးနဲ့ ဝန်ထမ်း ၃ ဦးတို့ကို သက်ဆိုင်ရာက  ရာထူးပြောင်းရွှေ့လိုက်ပါတယ်။ အဆိုပါ ဝန်ထမ်း ၄ ဦးဟာ သေဆုံးသူ ပီလိ ခေါ် ဖော်လဂျီ ရတ်ကျုံးကျရွန်း မပျောက်ဆုံးခင် သူနဲ့အတူ နောက်ဆုံးရှိခဲ့တဲ့သူတွေဖြစ်ပြီး သူ့ကို သစ်တောကြိုးဝိုင်း ကျူးကျော်မှုနဲ့ ဖမ်းဆီးခဲ့သူတွေ ဖြစ်တာကြောင့် အမှုစုံစမ်းစစ်ဆေးဆဲကာလ အဘက်ဘက်က ကျေနပ်မှုရှိအောင် သစ်တောဝန်ထမ်းတွေကို ၂၀၁၉ စက်တင်ဘာလ ၆ ရက် နေ့စွဲနဲ့ ပြောင်းမိန့်ပေးခဲ့တာလို့ ထိုင်းပတ်ဝန်းကျင်နဲ့ သဘာဝသယံဇာတဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းထန်းယား နက်ထမ်းကွန်းက ပြောပါတယ်။ ၅ နှစ်ကျော် ပျောက်ဆုံးနေတဲ့ ပီလိကို ထိုင်းအထူးမှုခင်းစုံစမ်းရေးအဖွဲ့ (DSI) က စုံစမ်းရှာဖွေနေရာမှာ ပြီးခဲ့တဲ့ ၂၀၁၉ စက်တင်ဘာလ ၄ ရက်နေ့ကတော့ ပီလိကို မီးရှို့ အသတ်ခံထားရတဲ့ အထောက်အထားတွေနဲ့ ပြန်လည်တွေ့ရှိကြောင်း တာဝန်ရှိသူတွေက သတင်းစာရှင်းပွဲမှာ အတည်ပြုပြောကြားခဲ့ပါတယ်။ DSI အဖွဲ့ရဲ့ ကျွမ်းကျင်ရေငုပ်သမားတွေဟာ ခေတ်မီရေအောက်ရှာဖွေရေးကိရိယာကို သုံးပြီး မသင်္ကာတဲ့ ကဲင်ကကျန်ဆည်အနီးတဝိုက်ကို ရှာဖွေရာမှာ ပြီးခဲ့တဲ့ ဧပြီလက  ကြိုးတံတားအောက်က ရေထဲမှာ အရိုးစုတွေပါတဲ့ သံစည်ပိုင်းတလုံးကို တွေ့ရှိခဲ့တာပါ။ အဆိုပါ သံစည်ပိုင်းမှာ အပေါက်ဖောက်ပြီး မီးမြှိုက်ထားဟန်ရှိသလို အထဲမှာ အရိုးစုပေါင်း ၂၀ ခုနဲ့ မီးလောင်ထားတဲ့ သစ်တိုစ ၄ ပိုင်း၊ သံကြိုးစ ၂ ချောင်းတို့ကို တွေ့ခဲ့ပါတယ်။ တာဝန်ရှိသူတွေက အရိုးစုတွေကို  ပီလိရဲ့ မိခင်ဖြစ်သူနဲ့ ဒီအန်အေ (မျိုးဗီဇ) စစ်ဆေးရာမှာ တူညီနေတာကြောင့် ပီလီဟာ သေဆုံးသွားပြီဖြစ်ကြောင်း၊ သူဟာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတဲ့ပုံစံနဲ့ သေဆုံးတာကြောင့် နဂို လူပျောက်မှုကနေ လူသတ်မှုအဖြစ်သို့ ပြောင်းလဲကာ လူသတ်မှုမှာ ပါဝင်ပတ်သက်သူတွေကို ဆက်လက်စုံစမ်း ဖော်ထုတ်သွားမယ်လို့ ဒီအက်စ်အိုင်ရုံးညွှန်ကြားရေးမှူး နိုင်းဖိုင်းဆစ် ဝုန်းဆမိုင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပီလိ ခေါ် ဖော်လဂျီ ရတ်ကျုံးကျရွန်းဟာ ကဲန်ကကျန်မြို့နယ် ဘန့်ပန်ကလွဲကျေးရွာက ဖြစ်ပြီး သူတို့ရွာဟာ သစ်တောကြိုးဝိုင်းဧရိယာထဲမှာ ပါဝင်နေတယ်လို့ဆိုကာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က သစ်တောတာဝန်ရှိသူတွေနဲ့ မြေယာ အငြင်းပွားမှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါဒေသမှာ ကရင်တိုင်းရင်းသားကျေးရွာတွေ ရှိပြီး သူတို့ဟာ အဲဒီမှာ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက နေထိုင်လာတာဖြစ်ကြောင်း၊ တောင်ယာမီးရှို့ခြင်းမှာလည်း သူတို့ရဲ့ မိရိုးဖလာ ရွှေ့ပြောင်းတောင်ယာစနစ်သာ ဖြစ်ကြောင်း ရွာသားတွေဘက်က ပြောဆိုပေမယ့် သစ်တော တာဝန်ရှိသူတွေဘက်ကတော့  ကြိုးဝိုင်းဧရိယာ မြေပုံ ဂရပ်ဖ်တွေ၊ အစိုးရပိုင်မြေဧရိယာ အထောက်အထားတွေပြပြီး သူတို့ကို ကြိုးဝိုင်းဧရိယာ အပြင်ဘက်မှာ နေရာချထားပေးခဲ့ပါတယ်။ အဲဒီနောက် မပြောင်းမရွှေ့ဘဲ ကျန်ရှိနေတဲ့ ကျေးရွာ၊ နေအိမ်တချို့ မီးရှို့ခံခဲ့ရသလို မကျေနပ်လို့ တောင်းဆို ဆန္ဒပြခဲ့တဲ့ ရွာသား ၆ ဦးလည်း အရေးယူခံခဲ့ရပါတယ်။ ပီလိ ခေါ် ဖော်လဂျီ ရတ်ကျုံးကျရွန်းဟာ အိမ်ရာဆုံးရှုံးခဲ့ရသူ ၁ ဦးလည်းဖြစ်တာကြောင့် အရေးယူခံရတဲ့ ရွာသားတွေ ပြန်လွှတ်ပေးရေး၊ မိမိဘိုးဘွားပိုင် မြေယာပေါ် ပြန်လည်နေထိုင်ခွင့် ရရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ ဝီလိဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က တောထဲမှာ ပျားရည်ဖွပ်ပြီး ပြန်လာစဉ် တောခေါင်း (သစ်တောကြိုးဝိုင်း တာဝန်ရှိသူ)တွေနဲ့တွေ့ပြီး သူ့ကို ကြိုးဝိုင်း သယံဇာတထုတ်ယူမှု သက်သေ (ပျားရည် ၆ ပုလင်း) နဲ့အတူ သစ်တောရုံးမှာ ခေါ်ဆောင်သွားတာ ခံခဲ့ရပါတာလို့ မျက်မြင်သက်သေ လေ့လာရေးခရီးထွက် ကျောင်းသားတွေရဲ့ ထွက်ဆိုချက်အရ သိရပါတယ်။ သစ်တောကြိုးဝိုင်း တာဝန်ရှိသူတွေကတော့ ပီလိကို ဖမ်းဆီးထားခြင်းမရှိဘဲ သတိပေး ပြောဆိုပြီး ချက်ချင်း ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ မိသားစုဝင်တွေကတော့ အဲဒီအချိန်ကစပြီး ပီလိကို မတွေ့ရတော့ပါဘူး။ ပီလိမှာ ဇနီးဖြစ်သူနဲ့ သားသမီး ၅ ယောက်၊ မိခင်အို ၁ ယောက် ကျန်ခဲ့ပါတယ်။ ပီလိရဲ့ ဇနီးဖြစ်သူမှာ ခင်ပွန်းဖြစ်သူ ပျောက်ဆုံးကြောင်း၊ သစ်တောဝန်ထမ်းတွေကို စစ်ဆေးပေးဖို့ သက်ဆိုင်ရာကိုရော၊ ဖစ်ချ်ပူရီခရိုင်တရားရုံးနဲ့  အထူးမှုခင်းစုံစမ်းစစ်ဆေးရေး ဌာန (DSI) ကိုပါ တိုင်ကြားခဲ့ပေမယ့် ခိုင်လုံတဲ့ အထောက်အထားမရှိဘူးဆိုပြီး သူ့ရဲ့ တိုင်ကြားချက်တွေ အပယ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတော့  အသစ်ရောက်လာတဲ့ (DSI) နောက်တဖွဲ့က အဆိုပါအမှုကို လက်ခံကိုင်တွယ်လိုက်ပြီး စုံစမ်းစစ်ဆေးရာမှာ အခုလို လူသတ်မှုအဖြစ် ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိုးကား - MGR Online / AMARIN TV  / Channel 3 /Thairath

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up