အင်တာနက်သုံးစွဲခ ဒေတာနဲ့ ကောက်ခံမယ့် အစီအစဉ် ရွှေ့ဆိုင်း
DVB
·
December 18, 2012
လာမယ့် ဇန်န၀ါရီ ၁ ရက်နေ့ကစ မိုဘိုင်းဖုန်းကနေ အင်တာနက်သုံးစွဲခတွေကို လက်ရှိ မိနစ်အလိုက် ကောက်ခံနေတဲ့အစား အသုံးပြုတဲ့ ဒေတာ ပမာဏအလိုက် ပြောင်းလဲ ကောက်ခံမယ့် အစီအစဉ်ကို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းထားကြောင်း မိုဘိုင်း ဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောပါတယ်။
နိုဝင်ဘာလ အတွင်းက ကြေညာခဲ့တဲ့ အသုံးပြုမယ့် ဒေတာ ပမာဏအလိုက် ကောက်ခံမယ့်နှုန်းထားတွေဟာ နဂို နှုန်းထားထက် ၃ ဆ ကနေ ၆ ဆ အထိ မြင့်မားနေတာကြောင့် ဝေဖန်ကန့်ကွက်မှုတွေ ပေါ်ထွက်ခဲ့ပြီး ဆန္ဒပြမယ့် အနေအထား အထိ ရောက်ရှိခဲ့တာမို့ အစီအစဉ်ကို ရွှေ့ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ကောက်ခံနေတဲ့ အင်တာနက် အသုံးပြုခနှုန်းထားတွေကတော့ ဂျီအက်စ်အမ် ဖုန်းနဲ့ ဆိုရင် ၁ မိနစ် ၂ ကျပ်၊ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်(ဇ်)၊ ဒဗလျူစီဒီအမ်အေ ဖုန်းတွေနဲ့ ဆိုရင် ၁ မိနစ် ၄ ကျပ်နှုန်း ဖြစ်ပါတယ်။