Home
မေးမြန်းခန်း
အမေရိကန်သံအမတ်ကြီးရဲ့ မြစ်ကြီးနားခရီးစဉ်အပေါ် ဒေါက်တာတူးဂျာနဲ့မေးမြန်းချက်
အေးနိုင်
·
December 18, 2012
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်နဲ့ အဖွဲ့ဟာ ပြည်နယ်အစိုးရ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ပွဲကိစ္စနဲ့ ဒုက္ခသည်ကိစ္စတွေကို တွေ့ဆုံ မေးမြန်းနေပါတယ်။ ဒီနေ့ မွန်းတည့်ပိုင်းမှာ ကေအိုင်အိုခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ၊ အန်ဒီအက်ဖ်ပါတီက ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာအပါအ၀င် လူပုဂ္ဂိုလ် ၆ ဦးနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒေါက်တာတူးဂျာကို ဆက်သွယ်မေးမြန်းထားပါတယ်။ [caption id="attachment_23160" align="alignleft" width="300" caption="ဒေါက်တာ တူးဂျာ"][/caption] “ဒီမနက် မစ္စတာ ဒဲရစ်မစ်ချယ် ကျနော်တို့နဲ့က ဒီနေ့ ၁၂ နာရီ ၄၅ မိနစ် လောက် တွေ့မယ်၊ အစိုးရနဲ့ သပ်သပ်တွေ့မယ်။ မနေ့ညက ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တွေနဲ့ တွေ့တယ်။” တွေ့ဆုံပွဲမှာ ဘယ်သူတွေပါပါမလဲ။ “တွေ့မယ့်အထဲမှာ အမျိုးသမီးအသင်း ဥက္ကဋ္ဌပါမယ်။ အန်ဒီအက်ဖ်က ဒေါ်ဘောက်ဂျာ ပါမယ်။ ကချင်လူငယ်ခေါင်းဆောင် ၁ ယောက် ပါမယ်။ ၀ိုင်အမ်စီအေ အတွင်းရေးမှူးပါမယ်။ ကရုဏာဖောင်ဒေးရှင်းက ညွှန်ကြားရေးမှူး ဖာသာ ဂျာရော ပါမယ်၊ ကျနော်ရယ် ၆ ယောက်။ အားလုံး ၉ ယောက်ဖိတ်တာမှာ ၁ ယောက်က ခရီးလွန်ပြီး ၂ ယောက်က ကျန်းမာရေးမကောင်းလို့ ၆ ယောက်ပဲပါမယ်။” အမေရိကန်သံအမတ်နဲ့ တွေ့တဲ့အခါ အဓိကအားဖြင့် ဘာတွေ တင်ပြဆွေးနွေးဖို့ ရှိပါလဲ။ “ကျနော်ကတော့ ကချင်ပြည်နယ်က စစ်ရပ်ဆိုင်းရေး၊ ငြိမ်းချမ်းရေးရရှိရေး၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဖော်ဆောင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေ ဖော်ဆောင်သွားဖို့ ဒါကို စဉ်းစားပေးဖို့ တင်ပြဖို့ရှိပါတယ်။” ဒီလိုခရီးစဉ်နဲ့ ပတ်သက်လို့ အန်ကယ်တို့ ဘယ်လောက်အထိ မျှော်မှန်းလဲ။ “သံအမတ်ကြီးလာတယ်ဆိုတော့ ဒါ တော်တော်လည်း အရာရောက်မယ်၊ ထိရောက်မယ်၊ အကျိုးရှိမယ့် ခရီးစဉ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ အမေရိကန် အစိုးရက ကျနော်တို့ နိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ပြည်တွင်းစစ်ရပ်စဲရေးတွေနဲ့ ပတ်သက်ပြီး အင်နဲ့အားနဲ့ တက်တက်ကြွကြွနဲ့ ကူညီထောက်ခံပေးနေတာဖြစ်လို့၊ အခုဆိုရင် တနိုင်ငံလုံးမှာ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတာနဲ့ ပတ်သက်လို့ အာရုံအထူးပြုမိမယ်ထင်တယ်။ ဒီက အခြေအနေ အစစ်အမှန်တွေ သူတို့ သိသွားပြီဆိုရင် နိုင်ငံတော်သမ္မတကြီးနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေရော၊ အခြားအပိုင်းတွေမှာလည်း သူတို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိမယ်လို့ ယုံကြည်တယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024