ဆီတွဲတိမ်းမှောက် မီးလောင်ဒဏ်ရာရ လူနာတချို့ဆေးကုသမှုဆက်လက်ခံယူနေရ
နော်နိုရင်း
·
December 13, 2012
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာအ၀င်မှာ နိုဝင်ဘာလ ၉ ရက်နေ့က လောင်စာဆီတင် ရထား မှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ ကန့်ဘလူဆေးရုံရောက် မီးလောင်ဒဏ်ရာရ လူနာ အများစုဆင်းသွားကြပြီဖြစ်ပေမယ့် ဆေးကုသမှုတွေ ဆက်လက် ပြုလုပ်နေရဆဲပဲလို့ ကန့်ဘလူ ဆေးရုံက တာဝန်ကျ ဆရာမတွေက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့နေ့က မီးလောင်ဒဏ်ရာရ လူနာ ၉၈ ဦး ကန့်ဘလူဆေးရုံမှာ ဆေးကုသမှုခံရယူခဲ့ရပြီး အဲဒီထဲက ၃၉ ဦးဟာ ဆေးရုံမှာ သေဆုံးခဲ့ရပါတယ်။ မီးလောင်မှုဖြစ်စဉ်ကြောင့် နေရာတင်သေဆုံးသူ ၂၅ ဦးရှိပါတယ်။
[caption id="attachment_32943" align="alignright" width="300" caption="နိုဝင်ဘာလ ၉ ရက်နေ့က မန္တလေးကနေ မြစ်ကြီးနားသွားမည့် ဓာတ်ဆီတင်ရထား ကျွန်းလှမြို့နယ်အပိုင် ချပ်ကြီးဘူတာအ၀င် တိမ်းမှောက်ခဲ့စဉ်က"][/caption]
လူနာ ၂၀ ကို မန္တလေးဆေးရုံကို ပို့ဆောင်ခဲ့ကြောင်းနဲ့ လက်ရှိ ကန့်ဘလူဆေးရုံမှာ လူနာ ၅ ဦး ကျန်ရှိနေသေးတယ်လို့ တာဝန်ကျ ဆရာမတဦးက ဒီဗွီဘီကို ပြောပါတယ်။ ဒဏ်ရာ သက်သာလို့ ပြန်ဆင်းသွားတဲ့ လူနာ ၃၄ ဦးကိုတော့ ပြင်ပလူနာတွေအဖြစ် ဆေးကု သပေးနေရဆဲပဲလို့ တာဝန်ကျ ဆရာမက ပြောပါတယ်။
“အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၁ ယောက် ကျန်တယ်။ ဆေးရုံဆင်း လူနာက ၃၄ ယောက်၊ လုံးဝ ပျောက်သွားတာတော့ မဟုတ်ဘူး၊ သူတို့ကို ၁ ပတ်၊ ၁ ပတ် ပြန်ချိန်းပြီး ဆေးတော့ ထည့်ပေးနေရတယ်။ ”
ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာအ၀င်မှာ မန္တလေးကနေ မြစ်ကြီးနားကိုသွားမယ့် လောင်စာဆီတင်ဆောင်တဲ့ ရထား တိမ်းမှောက်ပြီး ယိုစိမ့်နေတဲ့ ဓာတ်ဆီတွေကို ကျေးရွာသားတွေက သွားရောက် ခပ်ယူရင်း မီးလောင်မှုဖြစ်ပွားခဲ့တာပါ။
မီးလောင်ဒဏ်ရာရလူနာတွေကို အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ လာရောက်လှူဒါန်းမှုတွေရှိပေမယ့် မီးလောင်ဒဏ်ရာအနာရွတ်တွေကြောင့် ခြေလက်အရိုးတွေ ထိခိုက်စေနိုင်တဲ့အတွက် ရေရှည်အကူအညီမျိုး လိုအပ်တယ်လို့ ကန့်ဘလူဆေးရုံက ဆေးရုံအုပ် ဒေါက်တာမိုးမြင့်ဝင်းက ပြောပါတယ်။