ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်ကို သွားရောက်လေ့လာ
ရွှေအောင်
·
December 13, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မနက်ပိုင်းမှာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကို သွားရောက်ကြည့်ရှုပြီး ကမ္ဘာ့အဆင့်မီတက္ကသိုလ်တခုအဖြစ် ပေါ်ထွန်းလာရေး ဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံတဦးဖြစ်တဲ့ ဦးအုန်းကြိုင် က “ဒီနေ့ မနက် ၁၀ နာရီက ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမကို သွားရောက်ပါတယ်။ သွားရောက်ရခြင်း အကြောင်းက၊ အရင်တုန်းကလို သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကို ကမ္ဘာ့အဆင့်မီ တက္ကသိုလ်အဆင့် ပြန်လည်မြှင့်တင်ဖို့ အတွက် ပြည်သူ့လွှတ်တော်မှာ အရေးတကြီးအဆို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တင်ထားပြီးဖြစ်တယ်။ ပြည်သူ့လွှတ်တော်ကလည်း သဘောတူကြောင်း ဆုံးဖြတ်ပြီးဖြစ်တယ်။ ပြည်ပပညာရှင်များနဲ့ တက္ကသိုလ်များရဲ့ ပံ့ပိုးမှုများနဲ့ ဆောင်ရွက်မယ်လို့လည်း သူ အဲတုန်းက ပြောထားပြီး ဖြစ်တယ်။ ဒါနဲ့ ဆက်စပ်နေပါတယ်။” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းဆောင်၊ ပင်းယဆောင်နဲ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို လှည့်လှည်ကြည့်ရှုခဲ့ပြီး ရန်ကုန်တက္ကသိုလ်က ဒေါက်တာ ဇော်ဌေး၊ ဒေါက်တာ တင်ဝင်းမောင် စတဲ့ ပါမောက္ခတွေနဲ့တွေ့ဆုံခဲ့တဲ့အကြောင်းနဲ့ တက္ကသိုလ် ဆရာတွေက သူတို့က လက်ရှိ ရန်ကုန် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်ရဲ့ ဆောင်ရွက်နေတဲ့ အခြေအနေ တွေကို တင်ပြပါတယ်လို့လည်း ဦးအုန်းကြိုင်ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တက္ကသိုလ်က ပါမောက္ခတွေရဲ့ တင်ပြချက်တွေကို စိတ်ဝင်တစား နားထောင်ပြီးတဲ့နောက် ရန်ကုန်တက္ကသိုလ်နယ်မြေတခုလုံးကို ပြင်ဆင်ချင်တယ်။ ရန်ကုန်တက္ကသိုလ်ဆိုတာနဲ့ အရင်ကလို ကံ့ကော်ပန်းတွေလဲ မွှေးနေရမယ်၊ ခုံတန်းလျားလေးတွေလဲရှိနေရမယ်၊ အရင် ရန်ကုန်တက္ကသိုလ်မျိုးဖြစ်အောင် ကော်မတီတရပ်ဖွဲ့ပြီး ပြင်မယ်။ ကော်မတီထဲမှာ ပြည်တွင်းပြည်ပ ပညာရှင်တွေလဲပါမယ်၊ ပြည်ပအကူအညီတောင်းခံပြီးတော့ လိုအပ်သလို ပြင်ဆင်သွားမယ်လို့လည်း ပြန်လည် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာလ ၁၂ ရက် ညနေပိုင်းကလည်း ရန်ကုန်ကလေးဆေးရုံကြီးကို သွားရောက်ပြီး လက်ပန်းတောင်းတောင်အရေးအခင်းထဲ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ ကလေးငယ် ၅ ဦး ဆေးကုသမှုခံယူနေတာကို သွားရောက်ကြည့်ရှု အားပေးခဲ့တယ်လို့လဲ သိရပါတယ်။