ဓားဖြင့်ထိုးသည့် ပါလက်စတိုင်းလူငယ် ၂ ဦးကို အစ္စရေးရဲ ပစ်ခတ်၊ ၁ ဦးသေဆုံး

828
Zawgyi Version ဓားဖြင့်ထိုးသည့် ပါလက်စတိုင်းလူငယ် ၂ ဦးကို အစ္စရေးရဲ ပစ်ခတ်၊ ၁ ဦးသေဆုံး DVB အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့ဟောင်းမှာ သြဂုတ် ၁၅ ရက်နေ့က ပါလက်စတိုင်း လူငယ်နှစ်ယောက်ဟာ အစ္စရေးရဲသားတယောက်ကို ဓားနဲ့ထိုးခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့ပြီး ပါလက်စတိုင်း လူငယ်တယောက် သေဆုံးတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မြို့ဟောင်းနံရံရဲ့ ဂိတ်တခုမှာ တာဝန်ကျနေတဲ့ ရဲသားတယောက်နားကို လူငယ်နှစ်ယောက် ချဉ်းကပ်လာပြီး ဓားနဲ့ထိုးခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုမီဒီယာ စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီ ပါလက်စတိုင်း လူငယ်နှစ်ယောက်ကို တခြားရဲတပ်ဖွဲ့တွေက အချက်ပေါင်းများစွာ ပြန်ပစ်ခတ်ခဲ့ကြတာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း လူငယ်တယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သေနတ်ဒဏ်ရာတွေ ရထားတဲ့ ကျန်လူငယ်တယောက်ကိုတော့ ဆေးရုံပို့ဆောင်ပေးခဲ့ပြီး ဓားထိုးခံရတဲ့ ရဲသားရဲ့ အခြေအနေကလည်း စိုးရိမ်စရာ မရှိဘူးလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ အရာရှိတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း ဂျေရုဆလင်မြို့က ဘာသာရေး အဆောက်အအုံတခုနားမှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေး ရဲတပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ဆုံခဲ့ကြပါသေးတယ်။ ဂျေရုဆလင်မြို့ဟောင်းဟာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း ထိရှအလွယ်ဆုံး နေရာတွေထဲက တခုပါ။ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာလည်း ၂၀၁၄ ခုနှစ်ကတည်းက ပျက်ပြားခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။