မုံရွာသံဃာတွေ ဆန္ဒထုတ်ဖော်ဖို့ ရွှေစည်းခုံဘုရားမှာစုရုံးရောက်ရှိနေ
အေးနိုင်
·
December 12, 2012
မုံရွာမြို့မှာ သံဃာအပါး ၂၀၀ လောက် ဟာ လမ်းလျှောက်ကြွချီမေတ္တာပို့သဖို့အတွက်ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ မြို့လည်က ရွှေစည်းခုံဘုရားမှာ စုဝေးရောက်ရှိနေပြီလို့ ဦးဆောင်သံဃာ ၁ ပါးက မိန့်ပါတယ်။
“အခု ဦးဇင်းတို့က ရွှေစည်းခုံမြောက်ဘက်မုခ်မှာပေါ့နော်။ မေတ္တာပို့မလို့ပါ။ အခုလောလောဆယ်စုနေတာပေါ့နော်။ ဦးဇင်းတို့လည်း မန္တလေး၊ ပခုက္ကူတို့ကို လှမ်းဖုန်းဆက်တယ်၊ ဆက်တော့ သူတို့က၁ နာရီမှ ထွက်မယ်ပြောတယ်။” လို့ မိန့်ပါတယ်။
မုံရွာမြို့က သံဃာတွေက “သာသနာအမွေအနှစ် အဆောက်အဦများဖျက်စီးခြင်းကို ရပ်ဆိုင်းပေးရန်နှင့် နောက်နောင်လည်း လုံးဝမဖျက်ဆီးရန်။ ငြိမ်းချမ်းစွာဆန္ဒပြနေသော ထိခိုက်ဒဏ်ရာရ သံဃာတော်များကို နိုင်ငံတော်သမ္မတနှင့်တကွ အစိုးရအနေဖြင့် အမြန်ဆုံးဝန်ချတောင်းပန်ရန်၊ သပိတ်စခန်းများကိုလည်း နောက်ထပ် မဖြိုခွင်းရန်။ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ဒေသခံပြည်သူများ ကျေနပ်လက်ခံနိုင်အောင် အမြန်ဆုံးဆောင်ရွက်ပေးရန်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသော သံဃာထုတရပ်လုံးကို မီးလောင်ဗုံးဖြင့် ရက်ရက်စက်စက် မီးတိုက်ဖြိုခွင်းသော တာဝန်ရှိ ဦးဆောင်ပုဂ္ဂိုလ်များကို ဥပဒေအရ ထိရောက်စွာ အမြန်ဆုံးအရေးယူပေးရန်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်လို့ ဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်။ လက်ပန်းတောင်းတောင်ဒေသ ပြည်သူများ နှင့် ပြည်သူဘက်မှ ရပ်တည်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့သော သံဃာတော်အရှင်သူမြတ်များအပေါ် အစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်ကို နိုင်ငံတော်သံဃနာယကအဖွဲ့က သဘောတူနေပါသလား၊ သဘောမတူပါက ကန့်ကွက်ရှုတ်ချပေးပါရန်။” ဆိုပြီး တောင်းဆိုချက် ၆ ရပ်ကို တောင်းဆိုထားပါတယ်။
အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှု ဦးဆောင်ကော်မတီကလည်း နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့က သံဃာထု တရပ်လုံးကို ၀န်ချ တောင်းပန်ဖို့၊ အကြမ်းဖက် ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူပေးဖို့ စတဲ့အချက်တွေ တောင်းဆိုထားပြီး တောင်းဆိုချက်ကို ဒီဇင်ဘာ ၁၂ ရက် နေ့လည် ၁၂ နာရီမှာ နောက်ဆုံးထား မလိုက်လျောရင် နိုင်ငံတ၀ှမ်းမှာ သံဃာတော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အထွေထွေသပိတ်ကြီး ဆင်နွှဲသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။