Home
ဆောင်းပါး
လွမ်းရေးထက် ဝမ်းရေးခက်နေတဲ့ ရှမ်းပြည်က ဆိုင်ကယ်စီး ဈေးသည်များ
DVB
·
August 15, 2019
သူတို့သည် နံနက် (၂) နာရီအချိန်တွင် အမှောင်ထုကို အန်တုရန် ဖယောင်းတိုင်၊ ဆီမီးခွက်၊ တရုတ်နိုင်ငံထုတ် ဓာတ်မီး စသဖြင့် ကိုယ်စီကိုယ်ငှ မီးထွန်းပြီး နေအိမ်အသီးသီးတွင် အလုပ်ရှုပ်နေကြပြီ ဖြစ်သည်။ လူအများ အိပ်မောကျနေသည့် ထိုအချိန်မျိုးတွင် ကြောက်စိတ်ကို ဘေးဖယ်လျက် အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် အခြားကုန်စိမ်းများကို ဆိုင်ကယ်ဖြင့် မြို့ပတ်ရောင်းနိုင်ရေးအတွက် ဈေးသို့သွား၍ အပြိုင်အဆိုင်၊ အလုအယက် ရောင်းဝယ်ကြရပြန်သည်။ သူတို့ကတော့ ကျောက်မဲမြို့မဈေးမှ မြို့ပတ်ဈေးသည် အမျိုးသမီးများဖြစ်ပြီး မြို့အနီးတဝိုက်သို့ ဆိုင်ကယ်ဖြင့် ဈေးပတ်ရောင်းရန်အတွက် နံနက်စောစောတွင် ပြင်ဆင်နေကြခြင်း ဖြစ်သည်။ ကျောက်မဲမြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် စားသောက်ကုန်စိမ်းများကို ဈေးပတ်လိုက်ရောင်းသူ ၉၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်နေသည်ကို ထိုဈေးနံနက်ခင်း မြင်ကွင်းက သက်သေပြနေသည်။ “ကျမဆို မနက် ၂ နာရီခွဲဆို အိမ်ကစထွက်ပြီ၊ ဈေးပတ်ရောင်းဖို့ ပစ္စည်းတွေ လိုက်ဝယ်တယ်။ မိုးလင်းရင်တော့ ရွာတွေထွက်ရောင်းပြီ” ဟု ကျောက်မဲမြို့နယ်အတွင်း ၁၀ နှစ်ကျော် ဆိုင်ကယ်ဖြင့် လှည့်လည်ဈေးရောင်းသည့် အလုပ်လုပ်သော နန်းသိန်းက ပြောသည်။ မနက်မိုးမလင်းမီ အမှောင်ထဲ၌ ဈေးသွားရသည်ကို သူတို့ အကြောက်ဆုံး ဖြစ်သော်လည်း စားဝတ်နေရေးကြောင့် ကြောက်စိတ်ကို ဘေးဖယ်ပြီး အရဲစွန့် သွားလာနေရသည်ဟု ဆိုကြသည်။ “မနက် မိုးမလင်းသေးချိန် ဆိုင်ကယ်မောင်းရမှာ ကြောက်တယ်။ လမ်းမှာ ဘယ်သူတားတား မရပ်ပေးဘူး။ ကျမကတော့ အရှိန်နဲ့မောင်းလိုက်တာပဲ။ ကြောက်လည်း သွားရမှာပဲလေ” ဟု နန်းသိန်းက ဆိုသည်။ ကျောက်မဲမြို့အနီး ကျေးရွာများတွင် ဆိုင်ကယ်ဖြင့် စားသောက်ကုန်များ လိုက်ရောင်းရာတွင် အခက်အခဲများစွာရှိသော်လည်း ဝမ်းရေးအတွက် ထိုအလုပ်ကို မစွန့်လွှတ်ရဲကြောင်း နန်းသိန်းက ပြောပြသည်။ “တရွာဝင် တရွာထွက်၊ ကိုယ့်ရပ်ကွက်အလိုက် ကိုယ်သွားရောင်းရတယ်။ ဈေးသည်တွေက များလာတော့ ကိုယ်က ဦးအောင်သွားရောင်းမှ ရတယ်။ တနေ့တနေ့ ဈေးရောင်းဖို့ အမျိုးစုံ စိတ်ပူနေရပါတယ်။ အကြောက်ဆုံးက လမ်းမှာ ဆိုင်ကယ်ပျက်မှာပါပဲ” ဟု နန်းသိန်းက ဆိုသည်။ တချို့ရက်များတွင် ရောင်းမကုန်ဘဲ ပစ္စည်းများ ကျန်လာတတ်ပြီး တချို့ရက်များမှာတော့ အရှုံးဖြင့်သာ အိမ်သို့ ပြန်လာရသည်ဟု နန်းသိန်းက စိတ်မောသည့်ပုံဖြင့် ဆက်ပြောပြသည်။ “ရောင်းမကုန်ရင်လည်း ပြန်သယ်လာပေါ့။ အခုက အရင်ကလို ရောင်းမကောင်းတော့ဘူး။ ဈေးဝယ်သူ အကြွေးယူရင်လည်း ပေးရတယ်။ အပြိုင်အဆိုင် ရောင်းနေရတာဆိုတော့ မပေးရင် ကိုယ် မရောင်းရတော့ဘူးလေ” ဟုလည်း သူမက ပြောပြသည်။ ကျောက်မဲမြို့နှင့် အနည်းငယ်ဝေးလံသည့် နေရာများသို့ ဈေးသွားရောင်းပါကလည်း မိမိလုံခြုံရေးကို မိမိသာ တာဝန်ယူရသဖြင့် စိတ်ပင်ပန်းသည်ဟု ကျောက်မဲမြို့မှ အမျိုးသမီး ဈေးသည်တဦးဖြစ်သည့် ပါ့မြအေးက ပြောသည်။ “သွားတာလာတာတော့ သတိရှိရတာပေါ့။ ကိုယ့်လုံခြုံရေး ကိုယ်ပဲ တာဝန်ယူရတယ်လေ။ သတင်းတွေလည်း အမြဲ နားထောင်ပြီးမှ သွားရတယ်” ဟု ပါ့မြအေးက ဆိုသည်။ လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်များအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အချင်းချင်း မကြာခဏ တိုက်ပွဲငယ်များ ရှိနေသဖြင့် ဈေးသည် အမျိုးသမီးများကလည်း သူတို့၏ လုံခြုံရေးကို ပိုပြီး စိုးရိမ်လာရသည်ဟု ပါ့မြအေးက ဆက်ပြောပါသည်။ “တိုင်းပြည် မအေးချမ်းတော့လည်း သတိထားရတယ်။ သတင်းနားထောင်ပြီးတော့ သွားနေရတာ။ အားလုံးက ကြောက်ကြတယ်။ မနက်မိုးမလင်းခင်တော့ ဈေးသွားရင် ရပ်ကွက်အလိုက် လူစုသွားကြတယ်။ ဘာမှမဖြစ်ရင်တော့ ကောင်းတာပေါ့” ဟု ပါ့မြအေးက ဆိုပြန်သည်။ “ကြောက်နေရင် ထမင်းအိုးကွဲမှာပဲ။ ကြောက်လို့လည်း မရ၊ အိပ်လို့လည်း မဝဘူး။ တနေ့တနေ့ ငွေပဲ။ ငွေက ပိုရှာရ ခက်လာတယ်” ဟု အမှောင်ထဲတွင် ဖယောင်းတိုင်ထွန်းပြီး ဈေးရောင်းနေသော မသီတာက ပြောသည်။ မြန်မာ့လူ့ဘောင်တွင် အမျိုးသားများကို အိမ်ထောင်ဦးစီးအဖြစ် အသိအမှတ်ပြုကြပြီး ခက်ခဲကြမ်းတမ်းသည့် အလုပ်၊ အန္တရာယ်ရှိသည့် အလုပ်များကို အမျိုးသားများသာ မိသားစုအတွက် လုပ်ဆောင်ကြရသည်ဟု ယူဆထားသော်လည်း လက်ရှိမှာတော့ အမျိုးသမီးတွေက မိသားစု စီးပွားရေးအတွက် ထွက်ရှာနေရကာ အိမ်ထောင်ဦးစီး ဖြစ်နေရသည်ဟု ကျောက်မဲမြို့မှ ဈေးသည်အမျိုးသမီးများက ပြောဆိုကြသည်။ “အမျိုးသမီးတွေက အခုနောက်ပိုင်း အလုပ်ပိုလုပ်လာရတယ်။ အခုပြောရရင် အမျိုးသမီးတွေက အိမ်ထောင်ဦးစီးလို ဖြစ်လာပြီ။ အမျိုးသားတွေက ပျက်စီးကြတာ များတယ်။ အမျိုးသမီးတွေက ကလေးတွေလည်း ပြုစု၊ ငွေလည်း ရှာ၊ အမျိုးသမီးတွေ ဦးမဆောင်ရင် မိသားစုက အဆင်မပြေတော့ဘူး” ဟု ပါ့မြအေးက ပြောသည်။ ဈေးပတ်ရောင်းသည့် အမျိုးသမီး ဈေးသည်များသည် လူမျိုးစုံရှိပြီး ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ဒေသခံများ စစ်ဘေးရှောင်လာပြီး နေရပ်ကို မပြန်တော့ဘဲ ဈေးရောင်းနေကြသူ အမျိုးသမီးများလည်း များပြားလာသည်ဟု ဆိုကြသည်။ “ပလောင် (တအာင်း) အမျိုးသမီးတွေဆိုရင် စရောက်လာတုန်းက ဆိုင်ကယ်မမောင်းတတ်ဘူး။ အခုဆို ဆိုင်ကယ်နဲ့ ဈေးသည်လုပ်နေကြပြီ” ဟု အိုမ်တမောဝ်လူမှုကူညီရေးအသင်းမှ မနွယ်နီက ပြောသည်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းတွင် စစ်ဘေးရှောင်အများစုသည် နေရပ်မပြန်ကြတော့ဘဲ ကျောက်မဲမြို့ပေါ်တွင် အိမ်ခန်းငှားကာ ဈေးရောင်း စားသောက်နေကြသည်ဟု မနွယ်နီက ဆိုသည်။ “ကျမတို့ရှမ်းပြည်က သူများနဲ့မတူဘူး။ ပညာရေးလည်း နိမ့်တယ်လေ။ အစစအရာရာ နိမ့်ပါးတယ်။ ကျမတို့ကတော့ သားသမီးတွေကို ကျမတို့လို မခက်ခဲစေချင်ဘူး” ဟု နန်းသိန်းက သူမ မျှော်လင့်ချက်ကို ပြောပြသည်။ ရှမ်းပြည်မှ အမျိုးသမီးများသည် ကြောက်စိတ်ထက် ဝမ်းရေးပြဿနာက ပိုလွှမ်းမိုးနေသဖြင့် မည်သို့ပင် အခက်အခဲ ရှိပါစေ၊ ရုန်းကန်ရှာဖွေ စားသောက်နေကြရသည်ဟု ဈေးသည်အမျိုးသမီးများက ဆိုကြပါသည်။ တိုက်ပွဲများရပ်တန့်ပြီး တိုင်းပြည်အေးချမ်းကာ ပြည်သူအများ စီးပွားရေးကောင်းမွန်မှသာ ဈေးသည် အမျိုးသမီးများ၏ ဘဝသည်လည်း လုံခြုံစိတ်ချစွာ ဈေးရောင်းနိုင်မည်ဟု ကျောက်မဲမြို့မှ ဆိုင်ကယ်စီး ဈေးသည်များက မျှော်လင့်နေကြသည်ဟုလည်း ပါ့မြအေးက ပြောသည်။ နန်းဆိုင်နွမ် (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024