Home
မြန်မာသတင်း
အာဆီယံ-အိန္ဒိယချစ်ကြည်ရေးယာဉ်တန်း မြန်မာပြည်ကိုဖြတ်သန်း
အေးနိုင်
·
December 11, 2012
မြန်မာအနုပညာရှင်တွေပါဝင်တဲ့ အာဆီယံ-အိန္ဒိယချစ်ကြည်ရေး ကားမောင်းပြိုင်ပွဲဝင် ယာဉ်တန်းဟာ ဒီနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ နှစ်နိုင်ငံချစ်ကြည်ရေးတံတားကနေ တဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီမြို့ကို ဖြတ်သန်း ၀င်ရောက် သွားပါတယ်။ ထိုင်းနိုင်ငံဘက်ကို ရောက်ရှိလာတဲ့ကားတွေကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှူးက မြန်မာနိုင်ငံ ဘက်ခြမ်းက မြ၀တီခရိုင် အုပ်ချုပ်ရေးမှူးဆီကို  မနက် ၉ နာရီမှာ လွှဲပြောင်းလိုက်တယ်လို့ မြ၀တီ ခရိုင်မှူး ဦးသန်းဆွေကပြောပါတယ်။ “မနက်က သူတို့ဆီကနေ ကျနော့်ဆီကို ၉ နာရီ ရောက်ပါတယ်။ ၁ နာရီခွဲမှာ ကော့ကရိတ်ကနေ ထွက်ပါတယ်။ အာဆီယံ-အိန္ဒိယ ပူးပေါင်း အထိမ်းအမှတ် ကားမောင်းပြိုင်ပွဲပါ။ ကားက ၃၁ စီး။ သူတို့ခရီးစဉ်ကတော့ တခြားနိုင်ငံတွေကို ဖြတ်မောင်း ပြီးပြီ။ ကျနော်တို့ နိုင်ငံက နောက်ဆုံးပဲခင်ဗျ။ မြန်မာနိုင်ငံကို ဖြတ်ပြီးရင် တမူး ထွက်ပြီး အိန္ဒိယကို ၀င်မှာ” လို့ ပြောပါတယ်။ ဒီကားမောင်းပြိုင်ပွဲမှာ  ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်၊ မေသဉ္စာဦး၊ ဆုပန်ထွာနဲ့ ဒါရိုက်တာ ကိုပေါက်တို့က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ကား ၂ စီးနဲ့ ၀င်ရောက် ယှဉ်ပြိုင်နေတာပါ။ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်က “မောင်းတာက အင်ဒိုနီးရှားမှာ မောင်းတယ်။ နောက် အင်ဒိုနီးရှားကနေ လေယာဉ်နဲ့ စင်ကာပူကိုလာပြီး စင်ကာပူကနေ ဒီကိုမောင်းလာခဲ့တာ။ အတွေ့အကြုံတွေကတော့ အများကြီးပဲ။ အသင်းအဖွဲ့နဲ့ သွားတဲ့အခါ ထားရမယ့် စည်းကမ်းလေးတွေ၊ နောက် သူများနိုင်ငံရဲ့ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းလိုက်နာမှုတွေဟာ တော်တော်လေးကို လေးစားစရာတွေ အများကြီး တွေ့ခဲ့ရတယ်။ အတုယူစရာတွေ အများကြီးပါပဲ၊ လမ်းကြီးတွေ ကောင်းအောင် လုပ်ထားတာ၊ လမ်းပတ်ဝန်းကျင် Landscape. ကျနော် မြင်တာတော့ မလေးရှား အကောင်းဆုံးပဲ” လို့သူ့ရဲ့ ပြိုင်ပွဲအတွေ့အကြုံကိုပြောပါတယ်။ မြန်မာနိုင်ငံထဲမှာတော့ ပြိုင်ပွဲဝင်ယာဉ်တန်းဟာ  မြ၀တီ၊ ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်နဲ့ နေပြည်တော်မြို့တွေကို ဖြတ်သန်းမောင်းနှင်ပြီး အိန္ဒိယနယ်စပ်  တမူးမြို့ထိ ဆက်သွားမှာ ဖြစ်ပါတယ်။ အာဆီယံ နှစ် ၂၀ ပြည့် အထိမ်းအမှတ် ကျင်းပတဲ့ ကားမောင်းပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာကနေ တာထွက်ပြီး မလေးရှား၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံ တို့ကိုဖြတ်သန်းကာ  ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အိန္ဒိယနိုင်ငံမှာ အဆုံးသတ်မှာပါ။  စုစုပေါင်း ကီလိုမီတာ ၈ ထောင်ကျော်ခရီးကို ရက် ၂၀ ကျော်ကြာ မောင်းနှင်ရမှာလဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024