လူဦးရေ ၅ သိန်းအတွက် ရုပ်ရှင်ရုံ ၁ ရုံပဲရှိ
DVB
·
December 11, 2012
မြန်မာတနိုင်ငံလုံးမှာ ရုပ်ရှင်ရုံ စုစုပေါင်း ၁၁၆ ရုံပဲ ရှိတဲ့အတွက် လူ ၅ သိန်းအတွက် ရုပ်ရှင်ရုံ ၁ ရုံပဲ ရှိတဲ့ သဘောဖြစ်ကြောင်း၊ ဒီအတွက် ရုပ်ရှင်ရုံတွေ တိုးပွားလာဖို့ အစိုးရဘက်ကနေ ကူညီဆောင်ရွက်ပေးဖို့ တင်ပြထားကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။
မြန်မာရုပ်ရှင်လောက တိုးတက်မြင့်မားလာဖို့ ဆိုရင် ရုပ်ရှင်ရုံတွေလည်း ရှိဖို့လိုကြောင်း၊ ဒီအတွက် အစိုးရ သိမ်းထားတဲ့ ရုပ်ရှင်ရုံတွေကို ရုပ်ရှင်လုပ်ငန်း လုပ်မယ့်သူတွေကို ပြန်ပေးဖို့၊ ရုပ်ရှင်ရုံနေရာနဲ့ အဆောက်အဦကို ၀ယ်ယူထားပြီး ရုပ်ရှင်လုပ်ငန်း မလုပ်သူတွေဆီက ပြန်သိမ်းဖို့၊ ရုပ်ရှင်ရုံတွေအတွက် မြေနေရာ အသစ်တွေချပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ရုံလုပ်ငန်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ကမ်းလှမ်းတာတွေ ရှိပေမယ့်လည်း နိုင်ငံခြား ဇာတ်ကားတွေပဲ ပြဖို့ဖြစ်ကြောင်း၊ မြန်မာဇာတ်ကားတွေ ပြဖို့ ရုံမရှိရင် မြန်မာရုပ်ရှင် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်ကြောင်း သူက ရှင်းပြပါတယ်။
မြန်မာနိုင်ငံတ၀ှမ်းလုံး ရုပ်ရှင်ရုံ ၁၁၆ ရုံ ရှိတယ် ဆိုပေမယ့် လက်ရှိ တကယ် ရုပ်ရှင်ပြနေတဲ့ရုံဟာ ၄၉ ရုံပဲ ရှိကြောင်း သိရပါတယ်။