လွတ်လပ်တဲ့ “ရှေ့နေများကောင်စီ” ပေါ်ပေါက်ရေး ဆောင်ရွက်မယ်
DVB
·
December 11, 2012
လွတ်လပ်တဲ့ “ရှေ့နေများကောင်စီ” ပေါ်ပေါက်ရေး အတွက် ရှေ့နေများကွန်ယက် (ရန်ကုန်) က ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။
ရှေ့နေများကောင်စီ ဆိုတာဟာ ရှေ့နေတွေရဲ့ အခွင့်အရေးတွေ အကျိုးစီးပွားတွေကို ကာကွယ်ပေးတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ လက်ရှိ ရှေ့နေများကောင်စီအဖွဲ့ကတော့ အစိုးရက ဆွဲခန့်ထားတဲ့ ၀န်ထမ်းတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး လွတ်လပ်တဲ့ ရှေ့နေတွေ မပါဝင်ဘူးလို့ သူက ပြောပါတယ်။
ဒီအတွက် ရှေ့နေများ ကောင်စီ ဖွဲ့စည်းဖို့ လာမယ့် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရှေ့နေတွေ တွေ့ဆုံပြီး အကြံဥာဏ်သဘောထား တောင်းခံတာတွေ လုပ်မယ်လို့ သူက ပြောပြပါတယ်။
အရင်တုန်းက ၁၉၆၂ ခုနှစ် အက်ဥပဒေနဲ့ အညီ တရားရုံးချုပ် ရှေ့နေများကောင်စီ ဆိုတာ ရှိခဲ့ဖူးပြီး ၁၉၈၉ ခု စစ်အစိုးရလက်ထက်ရောက်တော့ န၀တ ဥပဒေ အမှတ်၂၂ အရ ရှေ့နေများကောင်စီ အဖွဲ့ဝင်တွေကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခွင့်မရတော့ဘဲ အစိုးရခန့်တွေနဲ့သာ ဖွဲ့စည်းတဲ့ အဖွဲ့တခု ဖြစ်သွားခဲ့ပါတယ်။