မြောက်ကိုရီးယားက ပဉ္စမအကြိမ် ဒုံးကျည်နှစ်စင်းကို ပင်လယ်ထဲသို့ ပစ်လွှတ်
မြောက်ကိုရီးယားနိုင်ငံဟာ သြဂုတ် ၉ ရက် မနက်က ပဉ္စမအကြိမ် ဒုံးကျည် နှစ်စင်းကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့ပါတယ်။
အဲဒီဒုံးကျည်နှစ်စင်းဟာ တာတိုပစ်ဖြစ်ပုံရတယ်လို့ တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။
ဒီပစ်လွှတ်မှုသာ အတည်ဖြစ်ရင် စမ်းသပ်ချက်ဟာ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်ပါလိမ့်မယ်။
မြောက်ကိုရီးယားခေါင်းဆောင်ဆီကနေ အင်မတန် နှစ်သက်ဖွယ် စာတစောင်ကို ရရှိတယ်လို့ အမေရိကန် သမ္မတထရမ့် ပြောပြီးနောက်မှာ ဒုံးကျည်ပစ်လွှတ်တာပါ။
ခေါင်းဆောင်ကင်ဟာ အခုလုပ်နေတဲ့ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်တာတွေကို မနှစ်မြို့ဘူးလို့ သမ္မတ ထရမ့်က ပြောပါတယ်။
အဲဒီ ဒုံးကျည်နှစ်စင်းကို တောင်ဟမ်ဂယောင် ပြည်နယ် ဟမ်ဟောင်မြို့အနီးကနေ ပစ်လွှတ်ခဲ့ပြီး ဂျပန်ပင်လယ်အတွင်း ကျရောက်ခဲ့တယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။