Home
မြန်မာသတင်း
ချောက်မြို့တွင် အစိုးရက သပိတ်တားမြစ်နေ
အေးနိုင်
·
December 7, 2012
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်ဖို့ ချောက်မြို့က ဘုရားမှာ နေခင်း ၁ နာရီက ထိုင်သပိတ်စတင်ဆင်နွှဲနေတဲ့ သံဃာတွေကို  ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲမှူးက လာရောက်တားနေတယ်လို့ ဦးဆောင်သံဃာ ဦးရေ၀တက မိန့်ပါတယ်။ သံဃာတော်တွေက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို လုံးဝရပ်ဆိုင်းပေးဖို့၊  ဒဏ်ရာရတဲ့ သံဃာတော်တွေကို ပြည်ထောင်စုအစိုးရကနေပြီးတော့ တာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးဖို့၊ နောက်နောင်တွင် လူထုလိုအပ်ချက်အရ ဆန္ဒပြပွဲဖြစ်ပွားလာပါက မီးခိုးဗုံးလို့ခေါ်တဲ့ မီးလောင်စေသောဗုံးကို မသုံးဖို့ ပြည်ထောင်စုအစိုးရက နိုင်ငံပိုင် မီဒီယာကနေပြီးတော့ ကြေညာပေးဖို့ ဒဏ်ရာရတဲ့သံဃာတွေကို ပြုမူတဲ့ တာဝန်ရှိသူတွေကို အစိုးရက အမြန်ဆုံးအရေးယူပေးဖို့ စတဲ့ တောင်းဆိုချက် ၄ ချက်ကို ကိုင်စွဲပြီး ထိုင်သပိတ်ကို ဆင်နွှဲနေတာဖြစ်ပါတယ်။ နေ့ခင်း ၁ နာရီခွဲမှာ ဦးရေ၀တကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဦးဇင်း အခြေအနေလေး ပြောပြပါလား။ “ဦးဇင်းအပါအ၀င် သံဃာတော် ၃၆ ပါး ထိုင်သပိတ်စတင်နေပါပြီ။” ဦးဇင်းတို့ ရည်ရွယ်ချက်က။ “မနက်က ပြောတဲ့အတိုင်းပါပဲ တောင်းဆိုချက်တွေ တောင်းသွားမယ်။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်မြို့နယ်မှူးက ဦးဇင်းတို့ကို တားနေတယ်။ လုံခြုံရေးတွေလည်း အပြည့်အ၀ တာဝန်ယူထားတယ်၊ လုံခြုံရေးတွေလည်း ဘုရားမှာ ပိတ်စောင့်နေတယ်။ ဦးဇင်းတို့က မထစတမ်း ထိုင်သပိတ်လုပ်နေတယ်။ ရေလာကပ်မယ့် ဒကာတွေက အပိတ်ခံထားရတော့ ရေကပ်လို့မရတော့ ဦးဇင်းတို့ ရေတောင်မသောက်ရပါဘူး။ ဒကာတွေနဲ့လည်း အဆက်သွယ်ပြတ်နေပါတယ်။” သက်ဆိုင်ရာက ဘာလို့တားတာလဲ ဘုရား။ “သက်ဆိုင်ရာကို မေးတော့ ပြောလို့မဖြစ်တဲ့ဟာတဲ့။ ဦးဇင်းတို့က တရားဝင်တားတာလား မေးတော့ သူတို့က ပါးစပ်တား တားတယ်၊ စာမထုတ်ဘူးပြောတယ်။ သူတို့က မနက်ဖြန်မလုပ်ဖို့ရော ၁ နာရီကနေ ၅ နာရီကိုလည်း နာရီကို ချုံ့ပေးပါပြောတယ်။ ဦးဇင်းတို့က သံဃာထုကို ပြန်ပြောတော့ သံဃာထုက နဂိုဆုံးဖြတ်ထားတဲ့အတိုင်းပဲ ၁ နာရီကနေ ၅ နာရီ လုပ်သွားမယ်လို့ ဆုံးဖြတ်တယ်။ နောက်နေ့တွေ နောက်နေ့တွေ ဒီတောင်းဆိုချက်ကို ဆက်တောင်းဆိုသွားဖို့ဆိုတဲ့နေရာမှာ တခြားမြို့နယ်တွေက သံဃာတွေ တောင်းဆိုလာခဲ့ရင် ဦးဇင်းတို့လည်း ဆက်တိုက် တခြားသံဃာတွေနဲ့ အတူတောင်းဆိုသွားမယ်လို့ ဆုံးဖြတ်ချက်ချထားတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024