ချောက်မြို့တွင် သံဃာများ ထိုင်သပိတ်ဆင်နွှဲမည်
အေးနိုင်
·
December 7, 2012
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့အတွက် မကွေးတိုင်း ချောက်မြို့က သံဃာတော်တွေက ဒီနေ့ခင်း ၁ နာရီမှာ ချောက်မြို့ အေးစေတီဘုရားရင်ပြင်မှာ ထိုင်သပိတ်ဆင်နွှဲမယ်လို့ ဦးဆောင်သံဃာ ဦးပဉ္စင်း ဦးရေ၀တက မိန့်ကြားပါတယ်။
ချောက်မြို့က သံဃာတော်တွေ ထိုင်သပိတ်ဆင်နွှဲမယ်ဆိုတာကို သိတဲ့ ချောက်မြို့ အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့မှူးတို့က ချောက်မြို့ သံဃာနာယကဆရာတော်တွေကို ဩ၀ါဒပေးဖို့ တင်ပြခဲ့ပါတယ်။
ဒီမနက်မှာ ဆန္ဒပြပွဲကို ဦးဆောင်မယ့်သံဃာတွေကို ချောက်မြို့ သံဃနာယကရုံးကို ဆင့်ခေါ်ပြီး ဆွေးနွေးရာမှာ မြို့နယ်သံဃနာယကဆရာတော်တွေက မပိတ်ပင်တဲ့အပြင် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဖြစ်တယ်လို့ ဆုံဖြတ်လိုက်ကြောင်း သွားရောက်ဆွေးနွေးတဲ့ ဦးရေ၀တက မိန့်ကြားပါတယ်။
“မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်မှူးက ဦးဇင်းတို့ကို သံဃနာယကရုံးမှာ ခေါ်တာပေါ့လေ။ သံဃနာယကကို အကာအကွယ်ယူပြီး မလုပ်ဖို့၊ ရက်နောက်ဆုတ်ပေးဖို့ ဦးဇင်းတို့ကို ပြောတာပေါ့။ သံဃာနာယက ဆရာတော်တွေက သူတို့ပြောချက်တွေကို လက်မခံဘဲနဲ့ လုပ်ကိုလုပ်သင့်တယ်ဆိုတဲ့ကိစ္စ၊ ဖြစ်ကိုဖြစ်ရမယ်။ သံဃာ့ကိစ္စ တို့ကိစ္စဆိုတဲ့ ပြောတဲ့သဘောကြောင့် သူတို့ရဲ့ပြောကြားချက်၊ သူတို့ရဲ့တားမြစ်ချက်က မအောင်မြင်ဘဲနဲ့ နောက်ဆုတ်သွားရပါတယ်” လို့ မိန့်ပါတယ်။
ကနဦးစီစဉ်စဉ်က အပါး ၅၀ လောက်သာ ထိုင်သပိတ်လုပ်ဖို့ ပြင်ဆင်ပေမယ့် မြို့နယ် သံဃနာယက ဆရာတော်တွေက ခွင့်ပြုမိန့်ပေးလိုက်တဲ့အတွက် အရေအတွက် ပိုမိုများပြားမယ်လို့ ခန့်မှန်း မိန့်ကြားပါတယ်။
ဒီထိုင်သပိတ်မှာ သူတို့ လိုလားချက် ၄ ရပ်ကို ဦးရေ၀တက “ဦးဇင်းတို့ တောင်းဆိုချင်တာက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို လုံးဝရပ်ဆိုင်းပေးရမယ်။ နံပါတ် ၂ ကတော့ ဒဏ်ရာရတဲ့ သံဃာတော်တွေကို ပြည်ထောင်စုအစိုးရကနေပြီးတော့ တာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရမယ်။ နံပါတ် ၃ က နောက်နောင်တွင် လူထုလိုအပ်ချက်အရ ဆန္ဒပြပွဲဖြစ်ပွားလာပါက မီးခိုးဗုံးလို့ ခေါ်တဲ့ မီးလောင်စေသောဗုံးကို မသုံးဖို့ ပြည်ထောင်စုအစိုးရက နိုင်ငံပိုင် မီဒီယာကနေပြီးတော့ ပြောကြားပေးရမယ်၊ ကြေညာပေးရမယ်။ ဒဏ်ရာရတဲ့ သံဃာတွေကို ပြုမူတဲ့ တာဝန်ရှိသူများကို အစိုးရက အမြန်ဆုံး အရေးယူပေးရမယ်။ အဲဒီတောင်းဆိုချက် ၄ ချက်ကို မရမချင်း ထိုင်သပိတ်ကို ဆင်နွှဲသွားမှာပါ” လို့ မိန့်ပါတယ်။
မနေ့ကလည်း မန္တလေးမြို့နဲ့ တောင်ကြီးမြို့တွေမှာ သံဃာတော်တွေက အလားတူ တောင်းဆိုချက်တွေ တောင်းဆိုပြီး ထိုင်သပိတ်ဆင်နွှဲကြပြီး တောင်းဆိုချက်တွေမရရင် တနိုင်ငံလုံးဆန္ဒပြပွဲကို အရှိန်မြှင့်မယ်လို့ အစိုးရကို သတိပေးထားပါတယ်။
ရေနံချောင်းမှာလည်း အလားတူထိုင်သပိတ်လုပ်ဖို့ အစီအစဉ်ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဇင်ဘာ ၉ ရက် ခရီးစဉ်ရှိတဲ့အတွက် ထို်င်သပိတ်လုပ်မယ့်အစီအစဉ်ကို ဆိုင်းထားပြီး ခရီးစဉ်ပြီးမှ လုပ်မယ်လို့ ဦးဆောင်သံဃာတပါးက မိန့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရေနံချောင်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ မကွေးမြို့၊ မြို့သစ်နဲ့ ကျောက်ပန်းတောင်းမြို့တွေကို လာရောက်ဖို့ရှိတယ်လို့ ဆိုပါတယ်။