တရုတ်ချေးငွေဖြင့် ဂျီအက်စ်အမ် လိုင်း ၂ သန်းခွဲ အကောင်အထည်ဖော်မည်
DVB
·
December 7, 2012
လာမယ့် ၂၀၁၃ - ၁၄ ဘဏ္ဍာနှစ်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေနဲ့ တရုတ်ပြည်က ချေးငွေရယူပြီး ဂျီအက်စ်အမ် လိုင်း ၂ သန်းခွဲ တပ်ဆင်ရောင်းချမယ့် စီမံကိန်း အကောင်အထည်ဖော်မယ်လို့ စီမံကိန်းအင်ဂျင်နီယာ ဒေါ်စန်းစန်းလွင်က ဒီဗွီဘီ ကို ပြောပါတယ်။
၂၀၁၂ - ၁၃ ဘဏ္ဍာနှစ်ကုန်အထိ မိုဘိုင်းဖုန်း ၄ သန်းရှိလာရေး ဆောင်ရွက်နေပြီး လက်ရှိအချိန်ထိ ၃ သန်း တပ်ဆင်ပြီး ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
မြန်မာ့ဆက်သွယ်ရေးဟာ အခု နှစ်ဆန်းမှာ မိုဘိုင်းဖုန်း ၁ သန်းရောင်းချဖို့နဲ့ နောက်နှစ်စီမံကိန်းအတွက် အပါအ၀င် စုစုပေါင်း ဆင်းကတ် ၃ သန်းကျော် ၀ယ်ယူဖို့အတွက် စင်ကာပူနဲ့ ပြင်သစ် နိုင်ငံက ကုမ္ပဏီ ၂ ခုကို တင်ဒါ ချပေးခဲ့ပါတယ်။
ဒီစီမံကိန်းတွေဟာ မြန်မာ့ဆက်သွယ်ရေး တခုတည်းက လုပ်ကိုင်မယ့် စီမံကိန်းတွေဖြစ်ပြီး ဆက်သွယ်ရေးဥပဒေ အတည်ဖြစ်ပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံခွင့်ရမယ့် ကုမ္ပဏီ ၃ ခုရဲ့ စီမံကိန်းတွေတော့ မပါဝင်သေးဘူးလို့ ဒေါ်စန်းစန်းလွင်က ရှင်းပြပါတယ်။