Sunday, June 11, 2023
Homeမွနျမာသတငျးစစ်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခံရဟု ကေအိုင်အေပြော

စစ်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခံရဟု ကေအိုင်အေပြော

ကချင်ပြည်နယ် အရှေ့ဘက် ပန်ဝါမြို့နယ်တ၀ိုက်က ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) အခြေစိုက်သည့် စခန်းတွေကို အစိုးရတပ်က စစ်ရဟတ်ယာဉ်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ် လို့ ကေအိုင်အေက ပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် အရှေ့ဘက် ပန်ဝါမြို့နယ် နယ်ခြား မှတ်တိုင် အမှတ် ၅ နဲ့ ၆ တ၀ိုက်က ကေအိုင်အေ အခြေစိုက်စခန်းတွေကို ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး အစိုးရတပ်ဖွဲ့က စစ်ရဟပ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့တာလို့ ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။

“ဒီဇင်ဘာ ၄ ရက်နေ့တုန်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် ၅၀၃ လေတပ်စခန်းကနေပြီး ရဟတ်ယာဉ်နဲ့ အခေါက်ရေ ၇ ကြိမ်လောက် ပန်ဝါဘက်ကို ပစ်တယ်။ ဝေဟင်ကနေ ပစ်ခတ်တဲ့အချိန်မှာတော့ ကျနော်တို့ တပ်စခန်းမှာ ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူး။ သူတို့ လာပြီး ပစ်ခတ်တဲ့အခါမှာ ကျနော်တို့ဘက်ကလည်း မြေပြင်ကနေ ပြန်လည် တိုက်ခိုက်ခဲ့တယ်။ ပထမအကြိမ် လာပစ်ခတ်တုန်းက ခလရ ၇၇ နေတဲ့နေရာကို မှားယွင်းပစ်ခတ်တဲ့အတွက် အစိုးရစစ်သား ၅ ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်လို့ ကြားရတယ်။ စခန်းရဲ့ တဲအိမ်တွေလည်း မီးလောင်သွားတယ်လို့ ကြားရတယ်။”

ဒီနေ့မနက်မှာလည်း ပစ်ခတ်တိုက်မှုတွေ ဆက်လုပ်နေတယ်လို့ ဦးလနန်းက ပြောပါတယ်။

“ရဟတ်ယာဉ်နဲ့ ပစ်တာကတော့ ဒီဇင်ဘာ ၄ ရက်နေ့ပေါ့။ ဒီဇင်ဘာ ၅ ရက်နေ့မှာလည်း ရဟတ်ယာဉ်နဲ့ ၆ ကြိမ်လောက် ပစ်ပြီးမှ တပ်မ ၈၈ လက်အောက်ခံ ခမရ ၁၃ ကို သူတို့ တပ်အင်အား ပြန်ပို့တယ်။ ၁၂၀ မမ အမြောက်လက်နက်ကြီးတွေ ယူဆောင်သွားတယ်လို့ ခန့်မှန်းရတယ်။ အဲဒီလက်နက်တွေနဲ့ ဒီနေ့မနက် ၉ နာရီ ပတ်ဝန်းကျင်ကနေ ၁၀ နာရီခွဲထိ ကျနော်တို့ တပ်စခန်းကို ပစ်ခတ်နေတယ်။”

ကေအိုင်အေ တပ်မဟာ ၁ ပန်ဝါဒေသမှာ ဒီဇင်ဘာလဆန်းကစ တိုက်ပွဲပြင်းထန်လာပြီး အခုလို ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်လာတာလို့ ဆိုပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့က ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အို (ကချင်ပြည်လွတ်လပ်ရေးအဖွဲ့) ခေါင်းဆောင်တို့အကြား တရုတ်နိုင်ငံ ရွှေလီမြို့မှာ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အရေးပါတဲ့ စစ်ရေးကိစ္စတွေကို မဆွေးနွေးနိုင်ခဲ့ကြပေမယ့်လည်း နောက် တကြိမ် ဆွေးနွေးပွဲမှာ နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးကြတဲ့အခါ ဒီစစ်ရေးကိစ္စတွေ ဆွေးနွေးမယ်လို့ နှစ်ဖက် ခေါင်းဆောင်တွေက ပြောဆိုခဲ့ကြပေမယ့် ဘယ်တော့ တွေ့ဆုံမယ်ဆိုတာ မသိရသေးပေ။

ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်မှုအပေါ် ဦးလနန်းက “အောက်တိုဘာ ၃၀ ရက်နေ့မှာ စတင်ပြီး ကြိုတင်ကန့်သတ်ချက်တွေမရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့တွေသွားပြီး အဆိုတင်သွင်းတယ်။ အဲအချိန်မှာ ဦးအောင်မင်းက နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ပါမယ်၊ နောက်တကြိမ် ဘယ်မှာလုပ်ကြရအောင်. ပြည်တွင်းမှာ လုပ်ကြရအောင် ဆိုပြီး စကားလမ်းကြောင်းလွှဲလိုက်တာမျိုး လုပ်တယ်။ ဒါကိုကြည့်ရင် အစိုးရဘက်မှာ အမှန်တကယ်ပဲ တိုင်းရင်းသားတွေလိုလားတဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ အဆင်သင့်မရှိဘူး။ သူတို့မှာ အဲလိုလုပ်နိုင်တဲ့ အခွင့်အာဏာမရှိဘူးဆိုတာ ထင်ရှားတယ်။ ဒါတွေကြောင့်ပဲ ပွင့်လင်းရာသီရောက်တဲ့အခါမှာတော့ အစိုးရ စစ်တပ်တွေ၊ စစ်ကြောင်းတွေ တပ်မတွေ မတရားပို့လွှတ်ပြီး စစ်ဆင်ရေးလုပ်တာပါ။”

RELATED ARTICLES
- Advertisment -
Google search engine

Most Popular