မင်းလှမြို့နယ်တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ ၁ ဦးကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

1.4K
မကွေးတိုင်း၊ မင်းလှမြို့နယ်မှာ Grade-5 ကျောင်းသူတဦး အဓမ္မပြုကျင့်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၃၀ ရက်နေ့မှာ မင်းဘူးခရိုင် တရားရုံးက ကျောင်းလုပ်သားတဦးကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက် ပါတယ်။
မင်ဘူးခရိုင်တရားသူကြီး ဦးဇော်ညွှန့်ဦးက"တရားလို တရားခံနဲ့ နှစ်ဘက်သက်သေတွေ စစ်ဆေးပေါ်ပေါက်ချက်အရ တရားဥပဒေနဲ့အညီ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်တာဖြစ်တယ်”လို့ ပြောပါတယ်။
မင်းလှမြို့နယ်ထဲက ကျေးရွာတရွာရဲ့ စာသင်ကျောင်းရှိ စာသင်ခန်းထဲမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ နေ့လယ် ထမင်းစားကျောင်းဆင်းချိန် အသက် ၁၁ နှစ်ကျော်အရွယ် ၅ တန်းကျောင်းသူလေးကို ကျောင်းအထွေထွေလုပ်သားက လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့တာပါ။
၂၀၁၈ ဇန်နဝါရီလ ၄ ရက်နေ့မှာ ဒီအမှုကို သရက်ခရိုင်တရားရုံးမှာ စစ်ဆေးခဲ့ပြီး တရားခံ ဘက်က သရက်ခရိုင်တရားရုံးကို အယုံကြည် မရှိဘူးဆိုပြီး ရုံးပြောင်း လျှောက်တဲ့အတွက် မင်းဘူး ခရိုင်တရားရုံးမှာ ပြောင်ရွှေ့စစ်ဆေးခဲ့ပါတယ်။
အမှုစစ်ဆေးနေတာ တနှစ်ခွဲခန့်အကြာ ဇူလိုင် ၃၀ ရက်နေ့လည်ပိုင်းက မင်းဘူး ခရိုင်တရားရုံးက အဓမ္မပြုကျင့်သူ အသက် ၅၁ နှစ်အရွယ် ကျောင်းလုပ်သား အောင်ဆန်းကို ထောင်အနှစ်(၂၀)ပြစ်ဒဏ်ချမှတ် လိုက်တာလို့ ဒီအမှုလိုက်ပါကူညီဆောင်ရွက်ပေးသူ ဒေါက်တာရဲထွန်းဇော်က ပြောပါတယ်။
ဒီအမှုကြန့်ကြာနေတဲ့အပေါ် ဝေဖန်ရေးသားခဲ့တဲ့အတွက် တရားခံရှေ့နေ ဦးမောင်မောင်စိုးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ဒေါက်တာ ရဲထွန်းဇော်ကို အမှုဖွင့်ထားတဲ့ အတွက် မင်းလှမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။
မုဒိန်းမှု၊ သက်ငယ်မုဒိန်းမှုတွေ ပပျောက်ရေး၊ တရားမျှတမှုရှိရေး၊ ကြီးလေးသော ပြစ်ဒဏ်ပေးရေး တို့အတွက် မြန်မာနိုင်ငံအနှံ့မှာ ဆန္ဒပြတောင်းဆိုမှုတွေ ရှိနေပါတယ်။
သတင်း-မင်းထီး