ကျောက်ဖြူမြို့က လူငယ် ၁ ဦးကို အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆို

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာနေ လူငယ်တဦးကို ဇူလိုင် ၂၉ ရက်က ဓည၀တီရေတပ်စခန်းက တရားလိုပြုလုပ် တိုင်တန်းလာတဲ့အတွက် ကျောက်ဖြူ ရဲစခန်းမှာ အီလက်ထရောနစ်ဆက်သွယ်ရေးပုဒ်မ-၃၃(ခ)နဲ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။
တရားစွဲဆိုခံရသူမှာ စစ်တောကျေးရွာနေ အသက်(၂၀)အရွယ်ရှိ မောင်တင်ချမ်း ဖြစ်ပြီး ဂျပန်ခေတ်က ရခိုင်သားချေဆိုတဲ့ ဖေ့ဘွတ်ခ် အကောင့်ကို အသုံးပြုကာ တပ်မတော်ရေရဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြခဲ့တာကြောင့် ဓည၀တီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးပြည့်ဖြိုးအောင်က တရားလိုလုပ်ကာ တိုင်ကြားလာလို့ အမှုဖွင့်ထားတာလို့ ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဇော က ပြောပါတယ်။
“အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲတာပါ၊ တိုင်းရင်းသားစည်းလုံးမှု မပြိုကွဲအောင်တို့၊ နောက်ပြီးတော့ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက် သတင်းအချက်အလက် ဖြန့်တာတို့ပေါ့၊ အဲဒါမျိုးတွေပေါ့၊ တပ်မတော်နေပြီးတော့မှ စွဲတာပါ”
အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ-၃၃(ခ)မှာ နိုင်ငံတော်၏လုံခြုံ၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းရုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသား ယဉ်ကျေးမှုနှင့်စပ်လျဉ်းသည့် နိုင်ငံတော်၏ လျှို့ဝုက်ချက်နှင့် သက်ဆိုင်သော သတင်းအချက်အလက် တစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ် ပေးပို့ ဖြန့်ချိခြင်းကိုဆိုလိုတာဖြစ်ပါတယ်။
ဒီစွဲချက်နဲ့ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ၇ နှစ်ထိ ချမှတ်နိုင်သလို ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်။
သတင်း- နောင်နောင်