A d v e r t i s e m e n t With Us

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာကို လွှတ်တော်တွင်  စတင်ဆွေးနွေး

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဇူလိုင် ၃၀ ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ် ၁၇ ဦးက စတင်ဆွေးနွေးခဲ့ ပါတယ်။ အစီရင်ခံစာအပေါ် ထောက်ခံဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေရှိသလို ကန့်ကွက်ဆွေးနွေး ခဲ့တဲ့ ကိုယ်စားလှယ်တွေလည်းရှိပြီး  အစီရင်ခံစာအနေနဲ့ လွှတ်တော်မှာ မှတ်တမ်းတင် အတည်ပြု တဲ့ အဆင့်ထိသာ အမြင့်ဆုံးလုပ်ဆောင်နိုင်မှာဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အဆင့်ထိ ရောက်ရှိဖို့ ခက်ခဲနိုင်တယ်လို့ ကန့်ကွက်ဆွေးနွေးခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ် အောင်မြင်လိုပါက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာအပေါ် လွှမ်းမိုးထားတဲ့ အခြေခံဥပဒေပါ အချက်တွေကို စုစည်းပြီး လွှတ်တော်ဥပဒေနဲ့အညီ ပြင်ဆင်ရေးမယ့်  ဥပဒေကြမ်းအဖြစ် တင်သွင်းဖို့ လိုအပ်တယ် လို့လည်း ကန့်ကွက်ဆွေးနွေးခဲ့ကြတဲ့ ကိုယ်စားလှယ်တွေက ဆိုပါတယ်။ အစီရင်ခံစာအပေါ် ထောက်ခံဆွေးနွေးခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် ဦးစိုင်းဦးခမ်းကတော့ အတိတ်နဲ့ ပစ္စုပ္ပန်အကြား အငြင်းပွားမနေကြဘဲ ပြည်သူတွေ အကျိုးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းဆွေးနွေး ခဲ့ပါတယ်။ ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ရမယ့် အချက်ပေါင်း ၃၇၀၀ ကျော်ပါ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာအပေါ် ဆွေးနွေးဖို့အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော်က အမည်စာရင်း တင်သွင်းထားပါတယ်။ တပ်မတော်သားကိုယ်စားလှယ် ၈၀ နီးပါး ဆွေးနွေးမယ်လို့ မူလက စာရင်းပေးထား ခဲ့ပေမယ့် တကယ်ဆွေးနွေးချိန်မှာ ပါဝင်ဆွေးနွေးမှု မရှိတော့တဲ့အတွက် ကိုယ်စားလှယ် ၄၀ ကျော်သာ  ဆွေးနွေးသွားဖို့ ရှိနေတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up