Home
မြန်မာသတင်း
မင်းပြားမြို့နယ်တွင် စစ်ပြေးဒုက္ခသည်များ၏ နေအိမ်နှင့် ဆိုင်များ ဖောက်ထွင်းခံရ
DVB
·
July 31, 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကုလားမတောင်ကျေးရွာက  နေအိမ် ၆၀ နီးပါးနဲ့ စားသောက်ကုန်ဆိုင် ၃ ဆိုင်ကို ဇူလိုင် ၂၉ ရက်နဲ့ ၃၀ ရက်နေ့မှာ ဖောက်ထွင်းခံခဲ့ရတယ်လို့ ကျေးရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ အဲဒီကျေးရွာအနီးမှာ ဇူလိုင် ၂၆ ရက်က တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေဖြစ်ပွားလို့ ရွာသားတွေက တခြားရွာတွေကို ထွက်ပြေးသွားကြစဉ် လူမရှိတဲ့နေအိမ်တွေဟာ အခုလို ဖောက်ထွင်းခံရတာပါ။ ပစ္စည်းတွေယူသွားသူတွေဟာ တပ်မတော်စစ်ကြောင်းကဖြစ်တယ်လို့  ရွာသားတွေက စွပ်စွဲပြီး တပ်တော်ကတော့ အေအေတပ်တွေယူသွားတာလို့ ပြောပါတယ်။  အမည်မဖော်လိုတဲ့ ရွာသားတဦးက “ဆိုင် ၃ ဆိုင် ပါသွားပါတယ်။ အိမ်က ၅၈ ဆောင်ပါ။ ကျော်ဝင်းနိုင်ဆိုတဲ့ နေအိမ်ကဆိုရင် ဆန် ၂ အိတ်နဲ့ ဖုန်း ၂ လုံး၊ ဝက်တကောင်ပါသွားတယ်။ တခြားအိမ်တွေမှာတော့ ဘာတွေပါသွားတယ်။ ဘာတွေက မပါသွားဘူးဆိုတာကို စစ်ဆေးနေကြတာပေါ့။ အိမ်ရှင်တွေလည်း မရောက်သေးတော့ ကျနော်တို့ လည်း အိမ်တွေကို မတက်ရဲဘူးလေ။ အိမ်ထရံတွေ၊ တံခါး ပေါက်တွေကိုတော့ ဖျက်ချသွား တာရှိတယ်။ ဗမာ့စစ်တပ်က လုပ်ခဲ့တာပေါ့၊ ပစ္စည်းတွေကိုလည်း ဗမာ့စစ်တပ်ကယူသွားတာလို့” ပြောပါတယ်။ ဖောက်ထွင်းခံလိုက်ရတဲ့ နေအိမ်တွေမှာ သေတ္တာတွေ ပွင့်နေတာ၊ တံခါးပိတ်နဲ့ နေအိမ်ထရံတွေ အနည်းငယ်ပျက်စီးနေတာတွေ တွေ့ရပြီး ဆိုလာပြား၊ ကြက်၊ ဝက်၊ စားသုံးကုန်၊ အဝတ်စားတွေကအစ အဝတ်စားလှမ်းတဲ့ ချိတ်တွေ၊ မုန့်တွေ အကုန်ပါသွားတယ်လို့ မျက်မြင်ရွာသားတွေက ပြောပါတယ်။ ကုလားမတောင်ကျေးရွာ မျက်မြင်ဒေသခံတဦးက “ဗမာစစ်တပ်ကပေါ့။ မင်းပြားအခြေစိုက် ၅၅ တပ်ရင်းက။ သူတို့ဖောက်သွားတဲ့ အိမ်ခြေက ၅၈ အိမ်ပေါ့။ အဲ ဒီထဲမှာ စားသုံးကုန်ပါသူပါ။ အင်္ကျီတွေ၊ ချိတ်တွေ၊ ကော်ဖီထုတ်တွေ၊ မုန့်တွေ အကုန်လုံးကို ချယူ သွားကြတယ်။ ဈေးကဘာမှ မရောင်းခဲ့ကြရဘူးလေ။ ပြေးသွားကြတာ။ အိမ်ရောက်တာနဲ့ ဘာမှမရှိတော့ဘူး။ ဆီအိုးတွေ (ဘထ္ထရီအိုး)၊ ဆိုလာပြားတွေ၊ အိုးတွေ၊ ကြက်၊ ဝက် တွေ ယူသွားကြတာပေါ့။”လို့ ဆိုပါ တယ်။ ကုလားမတောင်ရွာအနီး တိုက်ပွဲတွေဖြစ်ပွားပြီးနောက် အင်အား ၃၀၀ လောက်ရှိတဲ့ တပ်မတော်စစ်ကြောင်းဟာ  ဇူလိုင် ၃၀ ရက် မနက်ပိုင်းထိ စခန်းချနေရာယူနေထိုင်ခဲ့ကြတယ်လို့ ရွာမှာ ကျန်ခဲ့ကြတဲ့ အသက်ကြီးပိုင်း အမျိုးသားတွေက ပြောပါတယ်။ လက်ရှိမှာတော့ တပ်မတော် စစ်ကြောင်းက အဲ့ဒီကျေးရွာရဲ့အရှေ့ဘက် ရွှေတောင်ဘုရား တောင်ပေါ်မှာ စခန်းချနေရာယူထားကြပါတယ်။ ကုလားမတောင်ကျေးရွာမှာ ပိတ်​မိ​နေတဲ့​ကျေးရွာသား​တွေ ၃၀ ​ကျော်​ရှိနေပြီး သူတို့​တွေကို အပြင်​ထွက်​ခွင့် မ​ပေးသလို ကယ်​ဆယ်​​ရေးအဖွဲ့​တွေက အဲ့ဒီ​ကျေးရွာသွားရောက်ခဲ့ပေမယ့်ရွာကို မဝင်​ဖို့ တပ်​မ​တော်​က တားမြစ်​တာ​​တွေကြောင့် ပြန်လှည့်လာခဲ့ရတယ်လို့ မင်းပြားမြို့နယ်​ လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးလှသိန်းအောင်​က​ ပြောပါတယ်​။ ဒီကိစ္စနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက “ကုလားမ တောင်ရဲ့အောက်က စိတ္တရ၊ လက်ခုပ် အဲဒီရွာတွေကနေပြီးတော့မှ ကုလားမတောင်ကို လာခိုင်း တယ်။ အဲကနေပြီးတော့ ကုလားမ တောင်က ဝက်တွေဘာတွေ အေအေယူသွားတယ် ခင်ဗျ။ အေအေယူသွားတယ်လို့ ကြားတယ်။ ကျနော်တို့တပ်တွေက ရွာနဲ့ကီလိုမီတာ ၃၀၀၀ လောက်မှာ ဗျ။ အဲဒီရွာမှာ ဘယ်တပ်မှ မရှိဘူး။ အဲဒါဆိုရင် ကျနော်တို့ကြားထားတဲ့သတင်း ဒီကောင်တွေ ရွာသားတွေကို တမင်ရွာသားတွေကို သတင်းဖြန့်ခိုင်းတဲ့ သဘောရှိတယ်။ သူတို့ တောင်းသွားတာ ကို တပ်ကနေပြီးတော့မှ ယူသွားပါတယ်ဆိုပြီးတော့ ဝါဒဖြန့်တဲ့သဘော ရှိတယ်။ အဲဒါဆို ကျနော်တို့ရထားတဲ့သတင်းတွေ မှန်နေတဲ့ သဘောပေါ့"လို့ပြောပါတယ်။ တပ်မတော်စွပ်စွဲချက်နဲ့ ပတ်သက်လို့ အေအေဘက်ကတော့ “အဲ့ဒီမှာ ဘက်မှာ ဗမာ စစ်တပ်က စခန်းတွေချထားတယ်။ အဲ့ဒီတောင်ဘက်တွေမှာလည်း သူတို့စခန်းချပြီး နေရာယူ ထားတယ်။ အဲ့ဒီမှာကြက်ဝက်တွေ၊ နောက်ပြီးအိမ်ကို ဖောက်တာတွေက ဗမာစစ်တပ်က ယူသွားတာ ဖြစ်တယ်။ ဒါအဲ့ဒီရွာက သတင်းပေးပို့ချက်တွေအရပြောတာ၊ သေချာသိချင်ရင်တော့ အဲ့ဒီရွာက ကျေးရွာသားတွေကိုမေးရင် ပိုပြီး သတင်းက ခိုင်ခိုင်လုံလုံရမယ်။ အေအေဖက်က အဲ့ဒါတွေကို ယူသွားတယ်ဆိုတာ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်တယ်” လို့ ပြောပါတယ်။ ကုလားမတောင်ကျေးရွာမှာ အိမ်ခြေ ၄၀၀ ကျော်လောက်ရှိပေမယ့် လက်ရှိအချိန်ထိ ကျေးရွာကို ပြန်လာကြတာ မရှိသေးဘူး။ အမျိုးသား အနည်းငယ်ကသာ လာရောက်ကြသလို ခဏလာပြီး အခြေအနေအရ ပြန်သွားကြတာလည်း ရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။ သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024