တိုက်ကြီးမြို့နယ်၌ ကြက်ခြံအနံဆိုးနှင့် ယင်ကောင်များကြောင့် ကျန်းမာရေးထိခိုက်





2.3K
ရန်ကုန် တိုက်ကြီးမြို့နယ်၊ ဇရပ်ဖြူကျေးရွာမှာ ရွာနဲ့ ကပ်ဆောက်ထားတဲ့ စီးပွားဖြစ် ကြက်မွေးမြူရေးခြံကထွက်တဲ့ အနံဆိုးတွေနဲ့ ယင်ကောင်တွေကြောင့် ကျေးရွာအတွင်းရှိ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးထိခိုက် နေတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
ဒါ့အပြင် ကလေးတွေ ကျန်းမာရေးဆိုးဆိုးဝါးဝါးမဖြစ်ခင် နီးစပ်ရာဆေးခန်းတွေမှာ ပြသနေရပြီး ကျန်းမာရေးက လာရောက်စစ်ဆေးတဲ့ အခါမှာ ဆေးရုံတက်ကုသရတဲ့ လက်မှတ်ပြခိုင်းတယ်လို့ ဒေသခံ ဒေါ်မြင့်က ပြောပါတယ်။
“ကျန်းမာရေးကလာစစ်တော့ ဆေးရုံတက်ကုရတယ်ဆိုတဲ့ လက်မှတ်တောင်းတယ်။ ကျမတို့က အခြေခံလူတန်းစားတွေဖြစ်တော့ ကလေးကို ဆိုးဆိုးဝါးဝါးမဖြစ်ခင် နီးစပ်တဲ့ ဆေးခန်းကို ပြရတယ်။ အဲတော့ သူတို့က လက်မှတ်မပြနိုင်လို့ဆိုပြီး ပြောတယ်။ ထမင်း စားရင်လည်း ယပ်ခတ်ပြီး စားနေရတယ်။ ထမင်းပန်းကန်နဲ့ ဟင်းပန်းကန်ထဲ ယင်ကောင်တွေ ကျလို့ မရှိတဲ့အခါကျတော့လည်းဖယ်ပြီး စားရသလို မစားနိုင်တော့လို့ သွန်ပြစ်ရတဲ့ အနပ်တွေလည်း ရှိတယ်။ မနှစ်က ၆ လပိုင်းလောက်က ကြက်ခြံတွေ စဆောက်မွေးတယ်။ အခုလို မိုးတွင်းဘက်ရောက်လို့ အနံဆိုးတွေနဲ့ ယင်ကောင်တွေကြောင့် တိုင်သေးတယ်။ ခဏနားတယ် ဆိုပြီး ပြန်လုပ်တာပဲ” လို့ပြောပါတယ်။
ကြက်ခြံက ရွာနဲ့ကပ်နေပြီး အနံဆိုးတွေကြောင့် သတိလစ်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ အသက် ၆၀ အရွယ် နှလုံးရောဂါသည် အဖွားဒေါ်တင်လှက ပြောပါတယ်။
“စဖြစ်တဲ့နေ့က အိမ်မှာ တယောက်တည်း သတိလစ်ပြီး တက်နေလို့ သားသမီးတွေ ဆေးရုံ ပို့ခဲ့ရတယ်။ ကြက်ခြံက ရွာထိပ်မှာဆိုတော့ သူတို့ဘက်က ကျလာတဲ့ အညစ်အကြေး ရေတွေက အဘွားတို့ အိမ်နောက်ဖေးမြောင်းကနေ ကားလမ်းအထိသွားတော့ ပုပ်စော်တအားနံတာ မခံနိုင်ဘူး။ ယင်ကောင်တွေဆိုလည်း ထမင်းစားလို့မရအောင်ကို ဖြစ်နေတာ။ အနံအသက်တွေက နေ့တိုင်းနံနေတဲ့အတွက် တရွာလုံး ကျန်းမာရေးမကောင်း ဖြစ်နေတာ။ ” လို့ပြောပါတယ်။
သက်ဆိုင်ရာဌာနဆိုင်ရာတွေကို တိုင်ကြားခဲ့ပေမယ့် လာစစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး အခုချိန်ထိ တိကျတဲ့အဖြေ မထုတ်ပြန်သေးဘူးလို့ ဦးဆောင်တိုင်ကြားသူ ဦးညွှန့်လှိုင်က ပြောပါတယ်။
“ကျနော်တို့ ၇ လပိုင်း ၄ ရက်နေ့က မြို့ဌာနဆိုင်ရာတွေကို တိုင်းတယ်။ မွေး/ကု၊ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ လာစစ်သွားတယ်။ ကျနော်တို့ကိုလည်း ခေါ်စစ်တယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဘာအဖြေမှ ပြန်မထုတ်ပြန်သေးဘူး။ ကူးစက်ရောဂါဖြစ်ပွားခဲ့ရင် တရွာလုံးကုန်မှာ အပြင်တခြားကျေးရွာတွေကိုပါ ကူးစက်နိုင်တယ်။ ဒါကြောင့် ကျနော်တို့ကလည်း ကျန်းမာရေးကြောင့် တိုင်တာဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းအနေနဲ့ ရှင်းရှင်းလင်းလင်း ပြောပြပေး စေချင်တယ်” လို့ပြောပါတယ်။
အဆိုပါကျေးရွာမှာ စီးပွားဖြစ်မွေးမြူထားတဲ့ ကြက်ခြံ ၄ ခြံရှိပြီး တခြံကို ကြက်ကောင်ရေ ၃၀၀၀ လောက်ရှိမယ်လို့ သိရပါတယ်။
ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊မွေး/ကု ဦးစီးဌာနက ကွင်းဆင်းစုံစမ်း စစ်ဆေးခဲ့ရာ လက်ရှိမွေးမြူ ထားတဲ့ကြက်ကောင်ရေရောင်းပြီးပါက ဆက်လက်မွေးမြူ ခြင်းမပြု သင့်ကြောင်း အကြံပြုထားပါတယ်။
ဒါကိုဆက်လက်မွေးမြူသွားမယ်ဆို သက်ဆိုင်ရာဌာနဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ တိုက်ကြီးမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးအရာရှိ ဦးအောင်ကျော်က ပြောပါတယ်။
ဒါ့အပြင် ကြက်ခြံရဲ့ စွန့်ပစ်အမှိုက်နဲ့ ကြက်ခြေးတွေကို စနစ်တကျထားတာ မရှိတဲ့အတွက် အနံဆိုးနဲ့ ယင်ကောင်တွေပေါတာ ဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
သတင်း - မေသွယ်