အမေရိကန် ပွဲတော်တခုကို ပစ်ခတ်သူဟာ ဆယ်ကျော်သက် တဦးဖြစ်ဟု ရဲထုတ်ပြန်

1000
အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်တွင်း ပွဲတော်တခုကို ၀င်ရောက်ပစ်ခတ်သူဟာ ဒေသခံ ဆယ်ကျော်သက် တယောက်ဖြစ်တယ်လို့ ရဲတွေက ဇူလိုင် ၂၉ ရက်မှာ ဖော်ထုတ်လိုက်ပါတယ်။
စန်ဟိုဆေးမြို့ တောင်ဘက်က ၃ ရက်ကြာ ကျင်းပတဲ့ အစားအသောက်ပွဲတော်ကို ပစ်ခတ်မှုကြောင့် လူ ၃ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ် စန်တီနို ဝီလျံလေဂံဟာ ပွဲတော်စည်းရိုးကို ဇူလိုင် ၂၈ ညနေမှာ ဖြတ်တောက်ဝင်ရောက်ပြီး တိုက်ခိုက်ရေး ရိုင်ဖယ်နဲ့ လူတွေကို ပစ်ခတ်ခဲ့တယ်လို့ ဂီရွိုင်မြို့ ရဲချုပ် စကော့စမစ်သီက သတင်းထောက်တွေကို ပြောပါတယ်။
ပစ်ခတ်မှုစတင်ပြီး တမိနစ်အတွင်း သူ့ကို ရဲအရာရှိတွေက အသေပစ်ဖမ်းခဲ့တာပါ။ သူ့သေနတ်ကို နီဗားဒါး ပြည်နယ်မှာ ဇူလိုင် ၉ ရက်က ဝယ်ခဲ့တာလို့ ရဲတွေက ယုံကြည်ကြပါတယ်။
ပစ်ခတ်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ ရဲတွေက ကြိုးစားနေဆဲပါ။ ပစ်ခတ်သူမှာ ကြံရာပါ ရှိသေးတယ်ဆိုတဲ့ အတည်မပြုရသေးတဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ချက်တွေကို ရဲတွေက စုံစမ်းနေပါတယ်။
ပစ်ခတ်သူဟာ ပွဲတော်ဆိုင်ရာ ဓာတ်ပုံနဲ့ တောမီးအန္တရာယ် သတိပေးချက် သင်္ကေတပုံတွေကို အင်စတာဂရမ် လူမှုကွန်ရက်ပေါ် တင်ခဲ့ပါသေးတယ်။
အခင်းဖြစ်ပွားရာ ခရစ်စမတ်ဟီးလ် ပန်းခြံထဲမှာ ကျင်းပတဲ့ ဒီပွဲတော်ကို ဘယ်လို လက်နက်မျိုးမှ ယူလာလို့ မရအောင် တားမြစ်ပိတ်ပင်ထားတယ်လို့ ပွဲတော်ရဲ့ အင်တာနက်စာမျက်နှာက ဖော်ပြထားပါတယ်။
ဓာတ်ပုံ- ရိုက်တာ