ဘားအံတွင် ထမင်းပေါင်းအိုးတည်ရာက နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံး
DVB
·
July 30, 2019
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက် သီရိမဉ္ဇူလမ်းမှာ ဒီမနက် ၄ နာရီခွဲလောက်က လျှပ်စစ်ထမင်းပေါင်းအိုး အပူလွန်ကဲရာကနေ နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
အိမ်ရှင်ဖြစ်သူဦးတင်မြင့် ထမင်းပေါင်းအိုးတည်ပြီး မီးပလပ်မဖြုတ်ဘဲ ပြန်အိပ်ခဲ့နေရာက ထမင်းပေါင်းတည်တဲ့နေရာကနေ မီးစတင်လောင်ကျွမ်းတာခဲ့တာကြောင့် တဦးတည်း ငြှိမ်းသတ်နေခဲ့ရာမှ အခုလို နေအိမ် ၃ လုံးကို မီးကူးဆက်လောင်ကျွမ်းခဲ့တာပါ။
ဘားအံမြို့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဒုဦးစီးမှူး ဦးလှိုင်ထွေး က “ထမင်းပေါင်းအိုးတည်တာ ထမင်းပေါင်းအိုးကို မဖြုတ်ဘဲနဲ့ထားတော့ မီးပလပ်ခုံက ကျက်တဲ့အချိန်ပြန်မတက်ဘဲ အပူလွန်ကဲပြီး စလောင်တာ။ မီးကတော့ နာရီဝက်လောက် ငြှိမ်းလိုက်ရတယ်။ အသေအပျောက်တော့ မရှိပါဘူး” လို့ ပြောပါတယ်။
မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၈ စီး၊ ရဲတပ်ဖွဲ့၊ မာဃလူမှုကူညီရေး အဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေပြည်သူတွေက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့တဲ့အတွက် နံနက် ၅ နာရီလောက်မှာ မီးညွှန့်ကျိုးပြီး မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ အုတ်ညှပ် နှစ်ထပ်အိမ် ၂ လုံးနဲ့ သွပ်မိုး၊ ပျဉ်းခင်း၊ အုတ်ညှပ် ၁ ထပ်အိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့တဲ့အတွက် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၆၄ သိန်းဖိုးဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ၊ အသေအပျောက်မရှိဘူးလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မီးလောင်မှုဖြစ်ပွားစေသူ ဦးတင်မြင့်ကို လျှပ်စစ်မီးကို ပေါ့ဆစွာသုံးမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ဘားအံမြို့မရဲစခန်းက ဖမ်းဆီးအရေးယူထားပါတယ်။
သတင်း- ရဲမင်းခေါင်